CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁

အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က လာမယ့်ရာသီမှာ ဆုဖလားတွေ အများကြီးရယူဖို့ ပြန်လာခဲ့မယ်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်လှည်အောင်ပွဲခံချိန်မှာ ကတိပေးခဲ့ပါတယ်။ 

ဒီကလန်ရိုက်စ်က “ကျနော် ဒီအသင်းကို ချစ်တယ်၊ နည်းပြကိုလည်း ချစ်တယ်။ ကျနော်တို့ လူတွေကိုပေးနိုင်တဲ့ ပျော်ရွှင်မှုကို မြင်တွေ့ရတာ ရူးသွပ်စရာပါပဲ။ နောက်ရာသီမှာ ကျနော်တို့ အောင်မြင်မှုပိုပြီးရယူနိုင်ဖို့ ပြန်လာခဲ့မယ်”လို့ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ရမှတ် ၇ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကိုလည်း ပထမဆုံးအကြိမ် ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ PSG အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ 

အာဆင်နယ်အောင်ပွဲခံနေမှု ပရိသတ်တွေကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်လို့ စိတ်ပျက်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ဆုဖလား အတွက် အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်လှည်အောင်ပွဲခံဖို့ လန်ဒန်ကို ပြန်ရောက်လာခဲ့ပါတယ်။

ပရိသတ်ပေါင်း ၁.၅ သန်းကျော်ဟာ အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံမှုမှာ ပါဝင်ဆင်နွှဲခဲ့ပြီး ဒါဟာ နိုင်ငံအတွင်းမှာ အကြီးမားဆုံး စီတန်းလှည့်လှည်မှုဖြစ်တယ်လို့ Metropolitan Police က အတည်ပြုခဲ့တာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက “အသင်းကိုယ်စား ဒါကို မြင်တွေ့ရတာဟာ အံ့သြစရာကောင်းပါတယ်။ ဒါကို ခင်ဗျားတို့ ဖန်တီးခဲ့တာပါ။ ကျနော်တို့ အားလုံး အတူတကွ ပျော်ရွှင်စွာ ခံစားနိုင်ဖို့အချိန်ဖြစ်ပြီး လှပတဲ့ နေ့တစ်နေ့ပါပဲ”လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ဆုဖလားအတွက် အောင်ပွဲခံမှုအပြီးမှာ အာဆင်နယ်အသင်း ကစားသမားတွေထဲ တချို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ နိုင်ငံအသင်းတွေထံ သွားရောက် ပူးပေါင်းရမှာဖြစ်ပြီး တချို့ကတော့ အားလပ်ရက် အနားယူကြမှာ ဖြစ်ပါတယ်။ 

Source: Metro