CNI News 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉

မြေပြင်တွင် အဖက်ဖက်မှ ဖိအားမျိုးစုံအပြင် လေကြောင်းထိုးစစ်ပါ ရင်ဆိုင်နေရသည့်အတွက် မြန်မာအမျိုးသားဒီမိုက ရက်တစ်မဟာမိတ်တပ်မတော်(MNDAA)အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား ပြန်လည် လက်လွှတ်ရတော့ မလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ်နေကြသည်။

လားရှိုးမြို့အား MNDAA က ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွင် သိမ်းပိုက်ထားပြီး မြို့ပြအုပ်ချုပ်ရေးကို ထူထောင် ရန် ကြိုးပမ်းလျက်ရှိနေသည်။

ထို့နောက် မြန်မာ့တပ်မတော်က လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေပြီး MNDAA ကို အုပ်ချုပ်ရေး ထူထောင်မရအောင်နှင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာသွားရန် ဖိအားပေးလျက်ရှိနေသည်။

အလားတူ တရုတ်အစိုးရကလည်း လားရှိုးမြို့ကနေ MNDAA  ပြန်လည်ဆုတ်ခွာရန် ဖိအားပေးလျက်ရှိနေသည်။

MNDAA အနေဖြင့် နိုင်ငံရေးသဘောတူညီချက် မရဘဲ လားရှိုးမြို့ကို လက်လွှတ်နိုင်ခြေနည်းကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ကျနော်ထင်တယ်၊ ဆွေးနွေးပွဲ မလုပ်ဘဲနဲ့‌တော့ လက်လွှတ်မယ် မထင်ဘူးဗျ။ ဒီစားပွဲပေါ်မှာ ညှိနှိုင်းပြီး တော့ ပြေလည်မှုတစ်ခုခု ရတဲ့အခါမှ သူတို့ လူကြီးလူကောင်း ပီပီပေါ့ဗျာ၊ အဲဒီလိုလုပ်လိမ့် မယ်ထင်တယ်။ အဲဒီ ဆွေးနွေးပွဲကလည်း ဘယ်တော့ဖြစ်မလဲမေးရင် အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၊ ၈၊ ၉ မှာ တရုတ်ခရီး သွားမယ်။ တရုတ်ပြည်က ပြန်လာရင်တော့ အဖြေတစ်ခုတော့ ကိုင်လာမယ်လို့ ထင်တယ်။ သူတို့တောင်းနေတာ က ကိုကန့်တစ်ဖွဲ့ထဲကို လက်ညှိုးမထိုးဘူး၊ ပလောင်ကျန်မယ်၊ ပလောင်နဲ့ကိုးကန့် အပါအဝင်ပေါ့ဗျာ၊ AA အပါအဝင်ပေါ့၊ ဒီအဖွဲ့တွေက ဗုံးကြဲတာကို ရပ်စေချင်တယ်ဆိုရင် စကားပြောလိုက်ပါ။ မြို့တွေစွန့်ဖို့၊ မစွန့်ဖို့ဆိုတာ ကတော့ နိုင်ငံရေးသဘောတူညီချက် တစ်စုံတရာ ဆွေးနွေးပွဲကရမှ သူတို့အပေးအယူ ပြန်လုပ်နိုင်မယ်ဗျ။ ခက်ခက်ခဲခဲနဲ့ ရထားတာဆိုတော့ ဒီတိုင်းလွယ်လွယ်နဲ့တော့ မလွှတ်ဘူး။ လောလောဆယ်ဆယ် ဒီဖိအားလောက်နဲ့ တော့ မြို့တွေဆုံးလိမ့်မယ်လို့ မထင်ဘူးဗျ”ဟု ပြောသည်။

UWSA နဲ့ MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာလတွင် တရုတ်သို့ သွားရောက်မည်ဖြစ်ကြောင်း၊ တရုတ်ခရီးစဉ်တွင် တရုတ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ရလဒ်တစ်ခုကို ကိုင်လာနိုင်ကြောင်း စစ်ရေး နှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် “၀”တပ်ဖွဲ့ UWSA မှ ဒုဉက္ကဌ ဦးကျောက်ကော် အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၇ ရက်တွင် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ပွဲများနှင့် နေပြည်တော်အစိုးရ အခြေအနေများကို မေးမြန်းသွားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်အထူးကိုယ်စားလှယ်မှ UWSA က MNDAA ကို ကူညီနေမှုများ ရပ်တန့်ရန်နှင့် MNDAA ကို တရုတ်က နယ်စပ်ပိတ်ဆို့ထားသော်လည်း UWSA နယ်မြေထဲကနေ ဆန်၊ ဆီ၊ ဆေး၊ လက်နက် ခဲယမ်း စသည့် အရင်းအမြစ်များ ရရှိနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နေကြောင်း၊ ထို့ကြောင့် UWSA ကနေ MNDAA ဘက်သို့ မည်သည့် အရင်းအမြစ်မှ မရောက်ရှိအောင် ပိတ်ဆို့စစ်ဆေးရမည်ဟု ပြောကြား ခဲ့သည်။ 

ထို့အပြင် မြန်မာ့တပ်မတော် ပြိုလဲမည်ကို မလိုလားကြောင်းနှင့် မြန်မာပြည်တွင် စစ်တပ်ပြိုကျပြီး  အနောက်နိုင်ငံ များနှင့် နီးစပ်သော NUG နှင့် PDF များ အနိုင်ရရှိသွားမည်ကိုလည်း တရုတ်က လုံးဝလက်ခံမှာ မဟုတ်ကြောင်း ဖိအားပေး ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်ရန် ဖိအားပေးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖိအားပေးရာတွင် MNDAA၊ TNLA၊ UWSA အပြင် မြန်မာ့တပ်မတော်ကိုပါ ဖိအား‌ပေးနေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မစ္စတာ တိန့်ရှီကျင်းကို တွေ့ရစဥ်

၎င်းက "ဒီ လားရှိုးတို့ သိန္နီတို့ကို ပြန်ပေးရမယ်လို့ စစ်အုပ်စုကတောင်းတယ်။ တောင်းမှ သူကအစည်းအဝေးကို တက်မယ်လို့ပြောတယ်။ အဲလိုအဲလို ပြောတယ်ဆိုပြီး တရုတ်က ကိုးကန့်ကိုပြောတော့ ကိုးကန့်က ဘယ်ပေး နိုင်မှာလဲ၊ သူတို့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေနဲ့ ယူထားရတာ။ အဲတော့ အဲတာမပေးနိုင်ဘူး ဆိုတဲ့အခါကျ တော့ သူတို့လိုက်လျောနိုင်တဲ့ဟာကို လိုက်လျောရတာဗျ။ ခင်ဗျားလွယ်ရှာတာမဟုတ်ဘူး၊ MNDAA တို့ TNLA တို့ မလွယ်ဘူး။ အဲတော့ တရုတ်ရဲ့ မဟာဗျူဟာက သူက ကျမတို့ ဗမာပြည် မြန်မြန်ငြိမ်းချမ်းပြီးတော့ မြန်မြန် အေးချမ်းဖို့ပဲ သူကစဥ်းစားတာ ဖြစ်တယ်။ အဲတော့ နိုင်ငံရေးစားပွဲပေါ် အားလုံးရောက်‌အောင်အတွက် အားလုံးကို ဖိအားပေးနေတာပဲ။ MNDAA တစ်ခုထဲပေးတာ မဟုတ်ဘူး၊ TNLA လည်းပေးတယ်၊ “၀”လည်းပေးတယ်၊ ပြီးတော့ စစ်ကောင်စီလည်း ပေးတာပဲလေ”ဟု ပြောသည်။

ကိုးကန့်တပ်များ လားရှိုးမြို့မှ မဆုပ်ခွာသ၍ ကိုးကန့်ဒေသအား ပိတ်ဆို့ထားမှုများ ရုပ်သိမ်းမှာ မဟုတ်သည့်အပြင် ပိုမို ပြင်းထန်သည့် အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက TNLA နှင့် MNDAA ကို တိုက်ပွဲများ ရပ်တန့်ရန်၊ လားရှိုးမြို့မှ MNDAA ဆုတ်ခွာရန် ဖိအားပေးနေ သော်လည်း လက်ရှိအချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ TNLA-MNDAA တို့ ဦးဆောင်၍ PDF များဖြင့် ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။