CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပေါ်မှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က စစ်အင်အား ရာချီနှင့် လုံခြုံရေး လှည့်လည်ကာ စစ်အင်အားကို ထုတ်ပြသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့က SNA သည် စစ်ကြောင်းချီတက်ကာ အင်အားများကို ထုတ်ဖော် ပြသခဲ့ သည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လက စတင်ထူထောင်ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပါဝင်သွားသော တမူးခရိုင်၊ ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ ဗန်းမောက်ခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင်နှင့် ကချင်ပြည်နယ် အတွင်း ပါဝင်သွားသည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင်၊ ဗန်းမော်ခရိုင်၊ ကားမိုင်း၊ အင်း တော်ကြီး ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။

လက်ရှိတွင် SNA သည် တမူး၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ပင်လည်ဘူး၊ ကသာ၊ ဗန်းမောက်၊ အိန္ဒိယ နယ်စပ်၊ ဖားကန့်၊ ကာမိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ သံလမ်းရိုးတစ်လျှောက်မှာ အခြေပြုလှုပ်ရှားလျက်ရှိသည်။

ထို့နောက် SNA သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော ရှမ်းနီလူမျိုးများနှင့် အရပ်သားပြည်သူများအား ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ အနိုင်ကျင့်မှုများအန္တရာယ်မှ ကာကွယ်နိုင်ရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။