CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉

ရှမ်းနီအမျိုးသားများတပ်မတော်(SNA) အယောင်ဆောင်၍ ပြည်သူလူထုထံ စာများ‌ပေးပို့ကာ ခြိမ်းခြောက် ငွေတောင်းဆိုနေသူများကို ထိရောက်စွာ အရေးယူ ချေမှုန်းသွားမည်ဟု SNA မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆေဝမ်းဖှက ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် လူတစ်စုက နေအိမ်များကို SNA တပ်ရင်း(၄)ဟုဆိုကာ စာများချိတ်၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အတွင်း 09687167565 ကို ဆက်သွယ်၍ ကျပ်သိမ်း ၃၀၀ ပေးဆောင်ရန် ခြိမ်းခြောက်စာများ ပေးပို့နေသည်။

အဆိုပါ လုပ်ရပ်များသည် ရန်သူမှ SNA အယောင်ဆောင်ပြီး လူထုအပေါ်မှာ ခြိမ်းခြောက် ငွေညှစ်နေခြင်း ဖြစ်ကြောင်း၊ SNA ကို နာမည်ပျက်အောင် တမင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လူထုကြားထဲ စိုးရိမ်ထိတ်လှန့်မှု များ မဖြစ်ကြစေလိုကြောင်း SNA မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆေဝမ်းဖှက ပြောသည်။

ထိုဒေသတွင် SNA တပ်ရင်း ၄ မရှိကြောင်း၊ နာမည်များ သုံးနှုန်းထားသည်မှာလည်း လွှဲမှားနေကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးဆေဝမ်းဖှက “ ယနေ့အချိန်ထိ မိမိတို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် မိမိတို့ ပြည်သူ လူထုအပေါ် စိုးစင်းမျှ မထိခိုက် မနစ်နာစေသည့်အပြင် မည်သည့် အခါမျှ ပြည်ထောင်စုအပေါ် ဒုက္ခရောက်စေမည့် အဖွဲ့အစည်း မဟုတ်ပါဘူး။ ယခုလို SNA အယောင်အဆောင်ဖြင့် ဒေသတွင်းတွင် အမျိုးသားရေးသိက္ခာ ကျဆင်း စေရန် ဆောင်ရွက်မှုအား ပြုလုပ်သည့် ပုဂ္ဂိုလ်နှင့် နောက်ကွယ်မှ စီစဥ်ညွှန်ကြားသည့် အဖွဲ့အစည်းအား ပြင်းထန် စွာရှုံ့ချပြီး ထိရောက်စွာ အရေးယူ ချေမှုန်းသွားမည်”ဟု ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ SNA ၏ တပ်မဟာ ၅၆၅ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ရှမ်းနီလူမျိုးများ နေထိုင်သည့် အင်းတော်ကြီးဒေသကို ကာကွယ်ရေးအတွက် ကြိုးပမ်းနေရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဗန်းမောက်၊ ဟုမ္မလင်းနှင့် တမူးမြို့နယ်များ အတွင်းမှာလည်း SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်မဟာ ၅ ခုထိ ဖွဲ့စည်းထားကြောင်း သိရသည်။