CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁

ရှမ်းနီလူမျိုးများ နေထိုင်သည့် အင်းတော်ကြီးဒေသကို ထိန်းချုပ်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်အတူ အာရက္ခတပ်တော်(AA)သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။ 

အင်းတော်ကြီးဒေသကို ထိန်းချုပ်နိုင်ရေးအတွက် KIA သည် AA တပ်ဖွဲ့ဝင်များနှင့်အတူ အင်အား ၂၀၀ ဝန်းကျင် ဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆ ရက်က စတင်၍ မမုံကိုင်နှင့်မိုင်းနောင်ကျေးရွာရှိ  SNA တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထို့နောက် SNA ဘက်က စစ်စခန်းတချို့ လက်လွတ်ခဲ့ရာပြီးနောက် ဩဂုတ် ၁၇ ရက်တွင် ပြန်လည်၍ SNA ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် လက်လွတ်ခဲ့ရသော စစ်စခန်းများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသခံက “ အခု အင်းတော်ကြီးကို KIA က ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဩဂုတ် ၁၆ ရက်နေ့ကတည်းကပဲလေ။ အဲမှာ ထူးခြားတာက ရခိုင်တပ်ဖွဲ့ AA ပါနေတယ်။ AA က KIA ဘက်ကနေ ဝင်တိုက်ပေးနေတယ်။ ဒီကိစ္စက မဖြစ်သင့်ဘူးလေ။ ရှမ်းနီဒေသကို AA က ဘာကြောင့် တိုက်ခိုက်ရတာလဲ။ ရှမ်းနီ နဲ့ ရခိုင်က ဘာပြဿနာမှ မရှိခဲ့ဖူးဘူးလေ။ အခု AA က KIA ဘက်ကနေ တိုက်ခိုက်နေတာတော့ ကန့်ကွက်ရှုတ်ချ ပါတယ်။ လုံးဝ မလုပ်သင့်တဲ့ လုပ်ရပ်ကို လုပ်နေတာကို ရပ်စေချင်ပါတယ်။ မဟုတ်ရင် မိတ်ဆွေမဟုတ်ရင်တောင် ရန်ဘက်တွေ မဖြစ်စေချင်ပါဘူး”ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်

AA သည် KIA က ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ထူထောင်ပေးခဲ့သော ရခိုင်လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး AA ခေါင်းဆောင်များသည် လိုင်ဇာမြို့မှာ နေထိုင်လျက်ရှိသည်။

ထို့နောက် KIA ၏ စစ်ဆင်ရေးများတွင် AA သည် ပူးပေါင်းတိုက်ခိုက်လျက်ရှိနေသည်။

အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်ဖွဲ့ SNA ကို KIA နှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်နေခြင်းနှင့်ပတ်သက်ပြီး AA ထံ ဆက်သွယ် မေးမြန်းနေသော်လည်း အဆက်အသွယ် မရသေးပေ။

KIA က အင်းတော်ကြီးဒေသကို လွှမ်းမိုးထားစဉ်အချိန်က တစ်အိမ်တက်ဆင်း တက်၍ လူငယ်များကို ဖမ်းဆီးခြင်း၊ စစ်သားစုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဖိနှိမ်မှုများ ပြုလုပ်ကြောင်း၊ ထို့နောက် ရှမ်းနီတပ်ဖွဲ့ SNA သည် အင်းတော်ကြီးဒေသအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ထိုးဖောက်ဝင် ရောက်၍ ထိန်းချုပ်ခဲ့ကြောင်း အင်းတော်ကြီးဒေသခံများက ပြောသည်။