CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KPDF)တို့ ပူးပေါင်း၍ လာမည့် ရက်ပိုင်းအတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင် စုဖွဲ့နေ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
KIA နှင့် KPDF သည် အင်းတော်ကြီးဒေသအတွင်းရှိ နန့်မွန်း၊ လုံးတုံ၊ မိုင်းနောင် စသည့် ဒေသများကို တိုက်ခိုက် သိမ်းပိုက်ရန် စုဖွဲ့နေကြောင်း ဒေသခံများက ပြောသည်။
အင်းတော်ကြီးဒေသခံ တစ်ဦးက “ KIA-PDF က ဒီရက်ပိုင်း နန့်မွန်း၊ လုံးတုံ၊ မိုင်းနောင် တစ်ရွာရွာကို ဝင်တိုက်မယ် လို့ ကြားနေရတယ်။ ဟိုပင်နန့်ရင်းဖက်က KIA PDF တွေ ဟဲပါးဖက်ကို စုတယ်။ မိုးညှင်း အရှေ့တောင်ပေါ်က KIA- PDF တွေ ထန်းတပင်ကနေ ပင့်သာကတဆင့် အင်းတော်ကြီးဘက်ကို တက်လာနေတယ်။ အင်းတော်ကြီးဖက်ကို လူစုနေတယ်လို့ ကြားနေရတယ်”ဟု ပြောသည်။
အင်းတော်ကြီးဒေသသည် ရှမ်းနီလူမျိုးများ အများစု နေထိုင်လျက်ရှိပြီး KIA မှ ယခင်က စိုးမိုးထားသည်။
SNA က အင်းတော်ကြီးဒေသကို ထိန်းချုပ်လိုက်စဉ်
သို့သော် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ကချင်ပြည်နယ်အတွင်း လှုပ်ရှားလာပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက အင်းတော်ကြီးဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး KIA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့နောက် SNA သည် အင်းတော်ကြီးဒေသ၊ နန့်မွန်း၊ မမုံကိုင်ရွာတို့ကို ထိန်းချုပ်ခဲ့သည်။
အဆိုပါ နယ်မြေကို KIA-PDF က ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်ရန် စုဖွဲ့နေကြောင်း ဒေသခံများက ပြောသည်။