CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာနှင့် ပင်းခါးရွာရှိ ဒေသခံ ရှမ်းနီ တိုင်းရင်းသား ၇၀၀ ဝန်းကျင်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ အနိုင်ကျင့်နေကြောင်း ရှမ်းနီအရပ်ဖက် အဖွဲ့အစည်းများက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က KIA ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ကြောင်လည် ကျေးရွာရှိ ဒေသခံ ရှမ်းနီတိုင်းရင်းသား ၃၀၀ နီးပါးကို အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသလို ဇန်နဝါရီ ၃၀ ရက်တွင် ဗန်းမောက်မြို့နယ်၊ ပင်းခါးကျေးရွာရှိ ဒေသခံ ရှမ်းနီတိုင်းရင်းသား ၄၀၀ နီးပါးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ရှမ်းနီအရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။
ရှမ်းနီအရပ်ဖက်အဖွဲ့အစည်းများက “ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြရသည့် ရှမ်းနီရွာသူရွာသားများတွင် တရုတ် ပြေးလွှားပုန်းရှောင်ရသည့် မိဘများနှင့်ကွဲနေသော အသက် ၈ လ၊ ၂ နှစ်နှင့် ၃ နှစ်အရွယ် ကလေးငယ်များ၊ အမျိုးသမီးငယ်များနှင့် သက်ကြီးရွယ်အိုများစွာ ပါဝင်နေသကဲ့သို့ ရဟန်းသံဃာတော်များလည်း ပါဝင်နေပါသည်။ အဓမ္မ ဖမ်းဆီးခေါ်ဆောင်စဉ်တွင် KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များသည် ရှမ်းနီရွာသူရွာသားများကို ကြိုး တုပ်၍ ရေနွေးပူများဖြင့် ပက်ခြင်း၊ သေနတ်ဒင်များနှင့် ထုနှက်ခြင်း၊ ရိုက်နှက်နှိပ်စက်မှုပြုခြင်း စသည့် လူမဆန် သည့် လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ကြပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်သွင်းခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ထိမှန်ပျက်စီးခြင်းများလည်း ရှိနေသကဲ့သို့ ဘာသာရေးအဆောက်အဦများကို အကာအကွယ်ပြု၍ ကတုတ်ကျင်းများ တူးဖော်နေသည်ကိုလည်း ထွက်ပြေးလွတ်မြောက်လာသည့် ရွာသူရွာသားအချို့၏ ပြောဆိုချက်များအရ သိရှိရသည်ဟု ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA)၊ ရှမ်းနီလူငယ်ကွန်ရက်(ဝိုင်းမော်)၊ ရှမ်းနီလူငယ်ကွန်ရက်(ဗန်းမောက်)၊ ရှမ်းနီလူငယ်ကွန်ရက်(မိုးညှင်း)၊ ရှမ်းနီလူငယ်ကွန်ရက်(မိုးကောင်း)၊ သျှမ်း ကျောင်းသားများသမဂ္ဂ(TSU)တို့ ပါဝင်ပူးတွဲ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
KIA-PDF ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့ကို သိမ်းပိုက်ရေး စစ်ဆင်ရေးအတွက် ကြောင်လည်နှင့် ပင်းခါးကျေး ရွာကို တိုက်ခိုက်၍ စစ်ရေးပြင်ဆင်လျက်ရှိနေသည်။
ဗန်းမောက်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ KIA၊ PDF များ လှုပ်ရှားနေပြီး မြန်မာ့တပ်မတော်နှင့် SNA ကို KIA-PDF ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း KIA-PDF သည် ဖမ်းဆီးခံထားရသည့် ရှမ်းနီတိုင်းရင်းသားများကို လူသားတံတိုင်း အဖြစ် အသုံးချနေကြောင်း ရှမ်းနီအရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။