CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်ဝင်ပေါက် ဗန်းမောက်မြို့ သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

KIA-PDF ပူးပေါင်း၍ ဗန်းမောက်မြို့ အောင်ကမ္ဘာသိန်းဟိုတယ်ဘက်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်။

ဗန်းမောက်မြို့ဒေသခံက “ဗန်းမောက် အခြေအနေ တိုက်ပွဲဖြစ်နေတုန်းပဲ။ KIA-PDF ပူးပေါင်းပြီးတော့ ထိုးစစ်ဆင် တိုက်နေတာ၊ KIA ဘက်က ဗန်းမောက်မြို့ကို ၃ ရက်နဲ့ သိမ်းမယ်။ မရရင် ၁ ပတ်အတွင်း သိမ်းမယ်ဆိုတဲ့ အမိန့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ပြောသံကြားရတယ်။ ဗန်းမောက်က အင်းတော်နဲ့ ဗန်းမော်ကို တပ်မတော်က စစ်ကူပို့ ထိုး စစ်ဆင်ဖို့အတွက် အဓိက အချက်အချာနေရာဖြစ်နေတော့ အဲဒီလမ်းကြောင်းကို ဖြတ်ဖို့လာတော့ မသိဘူးပေါ့။ ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်တာလည်း ပါမယ်ထင်ပါတယ်”ဟု ပြောသည်။

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်အစပ်မှာ တည်ရှိနေသည့်အတွက် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးပါသော မြို့ဖြစ်သလို သစ်မှောင်ခိုသမားများ၏ စီးပွားရေးစျေးကွက် တည်ရှိရာ နေရာလည်း ဖြစ်သည်။

KIA-PDF မြို့သိမ်းတိုက်ပွဲဖော်နေတဲ့ ဒေသတွေနဲ့ ထိန်းချုပ်ထားပြီး ဒေသတွေကို ပြသထားစဉ်

အလားတူ မန္တလေး-ဗန်းမောက်-ကချင်ပြည်နယ် ကုန်သွယ်ရေးအတွက်လည်း အရေးပါသော နေရာမှာ ဗန်းမောက် မြို့က ပါဝင်နေသည်။

KIA-PDF ပူးပေါင်း၍ ဗန်းမောက်မြို့သိမ်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းနှင့်အတူ အင်းတော်(ပကဖ)က အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် တခြားသော လမ်းများအားလုံးကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဗန်းမောက်မြို့ အနီးရှိ အင်းတော်မြို့ကို KIA-PDF က ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်က သိမ်းပိုက်ထားသလို ဗန်းမော်မြို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

အင်းတော်(ပကဖ)က အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် တခြားသော လမ်းများအားလုံးကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 SNA တပ်ဖွဲ့ကို တွေ့ရစဉ် 

ဗန်းမောက်မြို့ကို KIA-PDF က သိမ်းပိုက်ရရှိပါက တစ်ဆက်တည်း အနေဖြင့် ဟုမ္မလင်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်ရန်လည်း ရှိကြောင်း ဒေသတွင်း စစ်ရေးအခြေအနေကို လေ့လာနေသူများက ပြောသည်။

လက်ရှိတွင် KIA-PDF ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ အနီးရှိ အင်းတော်၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ ရွှေပြည်အေး စသည့် ဒေသများကို ထိန်းချုပ်ထားခြင်းကြောင့် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ကိုပါ ဆက်လက် ထိန်းချုပ်သွားနိုင်ပါက စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းနှင့်အထက်ပိုင်းအား ထိန်းချုပ်သွားနိုင် မည်ဖြစ်သည်။

ထို့နောက် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတစ်လျှောက်ကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။