CNI International News

မဲလ်ဘုန်း၊ စက်တင်ဘာ ၁၆

သြစတြေးလျနှင့် ပါပူအာနယူးဂီနီတို့သည် ယခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးမည့် လုံခြုံရေး သဘောတူ စာချုပ်အသစ်အရ နှစ်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့များ ပေါင်းစည်းသွားမည်ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

သြစတြေးလျအစိုးရသည် ဒေသတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင် ပါပူအာ နယူးဂီနီနိုင်ငံနှင့် ကာကွယ်ရေး စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အယ်လ်ဘန်းနိစ်က ၎င်းနှင့် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ် မာရာပီ (James Marape) တို့သည် စက်တင်ဘာ ၁၇ ရက်တွင် ကာကွယ်ရေး စာချုပ်သစ်ကို လက်မှတ်ရေးထိုးမည်ဟု ပြောကြားခဲ့သည်။

ပါပူအာနယူးဂီနီသည် သြစတြေးလျ လက်အောက်မှ လွတ်လပ်ရေးရသည့် နှစ်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ် ဖြစ်သည့် စက်တင်ဘာ ၁၆ ရက်အပြီး တစ်ရက်အကြာတွင် ထိုစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။

သြစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ်ကို တွေ့ရစဉ်

ထိုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒူ (Christopher Landau) သည်လည်း ပါပူအာနယူးဂီနီ၏ မြို့တော် ပို့ မိုရက်စ်ဘီ (Port Moresby) မြို့တော်သို့ ရောက်ရှိလာမည်ဖြစ်သည်။

“ဒီစာချုပ်က ကျနော်တို့ရဲ့ ကာကွယ်ရေး ဆက်ဆံမှုမှာ အရေးကြီးတဲ့ တိုးတက်မှု တစ်ခုဖြစ်ပါတယ်”ဟု အယ်လ်ဘန်းနိစ်က အနောက်သြစတြေးလျပြည်နယ်၊ ပါ့သ် (Perth) မြို့တွင် ABC ရုပ်သံကို ပြောကြားခဲ့သည်။

လူဦးရေ ၁၂ သန်းခန့် နေထိုင်သည့် ပါပူအာနယူးဂီနီသည် တောင်ပစိဖိတ်ဒေသတွင် လူဦးရေ ၂၇ သန်းခန့် နေထိုင် သော သြစတြေးလျနိုင်ငံပြီးလျှင် ဒုတိယ လူဦးရေ အသိပ်သည်းဆုံး နိုင်ငံဖြစ်သည်။

ယခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးမည့် စာချုပ်အရ သြစတြေးလျနှင့် ပါပူအာနယူးဂီနီ ပြည်သူများသည် နှစ်နိုင်ငံစလုံးတွင် စစ်မှုထမ်းနိုင်မည်ဖြစ်သည်။

ထို့ပြင် သြစတြေးလျနိုင်ငံက သြစတြေးလျ စစ်တပ်အတွင်း ပါဝင်စစ်မှုထမ်းမည့် ပါပူအာနယူးဂီနီနိုင်ငံသားများကို သြစတြေးလျနိုင်ငံသား ဖြစ်ခွင့်ပြုမည်ဟု ကမ်းလှမ်းမည်ဖြစ်သည်။

လက်ရှိတွင် သြစတြေးလျနိုင်ငံသည် Five Eyes အမည်ရှိ ထောက်လှမ်းရေး မိတ်ဖက် အဖွဲ့ဝင်များဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံများမှ နိုင်ငံသားများကိုသာ သြစတြေးလျစစ်တပ်တွင် စစ်မှု ထမ်းခွင့် ပြုထားသည်။

Source: အေပီ