CNI International News
တိုင်ပေ၊ နိုဝင်ဘာ ၂၇
ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te)သည် ထိုင်ဝမ်၏ ကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ဒေါ်လာ ၄၀ ဘီလျံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ကို နိုဝင်ဘာ ၂၆ ရက်က အဆိုပြုခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
လာမည့် ၈ နှစ်အတွင်း အသုံးပြုမည့် ထိုကာကွယ်ရေး ဘတ်ဂျက် အစီအစဉ်သည် တရုတ်၏ စစ်ရေးဖိအားများကို တန်ပြန်ရန် ရည်ရွယ်ပြီး ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်ရန် အမေရိကန်၏ တိုက်တွန်းချက်အတိုင်း လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။
ထိုင်ဝမ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်ကလည်း ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ခဲ့သော်လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့ကမူ ထိုင်ဝမ်ကို ကာကွယ်ရေးအသုံးစရိတ် ပိုမိုမြှင့်တင်ရန် တွန်းအားပေးခဲ့သည်။
ထိုင်ဝမ်သည် ၂၀၂၇ ခုနှစ်တွင် တိုက်ပွဲဝင်ရန် အသင့် အနေအထား ဖြစ်နေမှုအတွက် ပိုမိုမြင့်တက်စေရန် ရည်ရွယ်ထားကြောင်း လိုင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေကို တွေ့ရစဉ်
၂၀၂၇ ခုနှစ်တွင်တ ရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ စစ်ဆင်ရေး ပြုလုပ်နိုင်ခြေရှိကြောင်း အမေရိကန်အရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။
“အမြင့်ဆုံး ရည်မှန်းချက်ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ထာဝရ ကာကွယ်နိုင်တဲ့ ကာကွယ်ရေး စွမ်းဆောင်ရည် တွေကို ထူထောင်ဖို့ ဖြစ်ပါတယ်” ဟု လိုင်က ကာကွယ်ရေးအသုံးစရိတ် အစီအစဉ်ကို ကြေညာခဲ့ပြီးနောက် တိုင်ပေ (Taipei) မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်နှင့်တရုတ်ကြား သံတမန်ဆက်ဆံရေး တင်းမာမှုများ မြင့်တက်နေချိန်တွင် လိုင်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက ဂျပန်ကလည်း စစ်ရေးဖြင့် ဝင်ပါရလိမ့်မည်ဟု ယခုလ အစောပိုင်း တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက (Sanae Takaichi) လွှတ်တော်၌ ပြောကြားခဲ့ပြီးနောက် ဂျပန်နှင့် တရုတ်ကြား ဆက်ဆံရေး တင်းမာခဲ့ခြင်းဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး၍ ထိန်းချုပ်သွားမည်ဟု သတိပေးထားသည်။
ထိုင်ဝမ်ရှိ အမေရိကန် ထိပ်သီးသံတမန် ရေမွန် ဂရင်နီ (Raymond Greene) ကမူ ထိုင်ဝမ်အစိုးရ၏ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
Source: Nikkei Asia
