CNI International News

တိုင်ပေ၊ ဇွန်လ ၁၈

ထိုင်ဝမ်သည် တရုတ်နှင့် စစ်ပွဲဖြစ်ပွားရန် ကြိုးပမ်းနေခြင်း မရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူး (Wellington Koo)က ဇွန်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မိမိတို့ မူဝါဒသည် ထိုင်ဝမ်ကို တရုတ်က အလွယ်တကူ သိမ်းပိုက်နိုင်ခြင်း မရှိစေရန် ကာကွယ်ရေး စွမ်းဆောင်ရည် များကို ထူထောင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအဖြစ် ကြေညာထားပြီး ထိုကြေညာချက်ကို လက်ခံစေရန် တရုတ်အစိုးရက ထိုင်ဝမ်အပေါ် စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်နေသည်။

ထိုင်ဝမ်ကမူ တရုတ်၏ ကြေညာချက်ကို ငြင်းပယ်ခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te) ကလည်း ထိုင်ဝမ်ကို သိမ်းပိုက်ရေးနှင့် ချေမှုန်းရေးသည် တရုတ်၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ ပထမဆုံးနှင့် နောက်ဆုံးစစ်ပွဲဆိုသည့် သီအိုရီအရ အရှုံးပေးလိုစိတ် မွေးမြူခြင်းမပြုရန် စစ်အကယ်ဒမီတစ်ခုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဗိုလ်လောင်းများကို ပြောကြားခဲ့ သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးကို တွေ့ရစဉ်

အမေရိကန်၏ အကူအညီမပါဘဲ ထိုင်ဝမ်သည် တရုတ်၏ တိုက်ခိုက်မှုကို မည်မျှကြာကြာ တောင့်ခံထားနိုင်မည် နည်းဟု လွှတ်တော်တွင် သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် ကူးက ထိုအချက်သည် မိမိတို့၏ မဟာဗျူဟာ ထဲ၌ အဓိကအချက်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။

"ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲဆိုတာက ပြဿနာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ မဟာဗျူဟာ၊ ကျနော်တို့ရဲ့ အနုမာန အယူအဆဟာ နယ်ပယ်စုံက ကျနော်တို့ရဲ့ အခြိမ်းအခြောက် အဟန့်အတားတွေကို ထူထောင်ဖို့အတွက် အင်အားချင်းမညီမျှဘဲ တိုက်ခိုက်နိုင်တဲ့ စစ်ဆင်ရေးပုံစံတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလုပ်ငန်းစဉ်ဟာ တရုတ်ရဲ့ ကျူးကျော်မှု စွမ်းဆောင်ရည်ကို အားနည်းစေနိုင်ပါလိမ့်မယ်" ဟု ကူးက ပြောကြားခဲ့သည်။

လက်ရှိ ဆောင်ရွက်နေသည့် စစ်တပ်ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ထိုင်ဝမ်စစ်အင်အား သည် တရုတ်စစ်အင်အားထက် သိသိသာသာ နည်းပါးနေ၍ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပြောင်းလွယ်ပြင်လွယ် ရှိပြီး အလွယ်တကူ နေရာရွှေ့ပြောင်းနိုင်သော စစ်ဆင်ရေးပုံစံကို လုပ်ဆောင်ရန် အာရုံစိုက်ထားသည်ဟု ကူးက ပြောသည်။

ထိုင်ဝမ်နဲ့တရုတ် အလံကိုတွေ့ရစဉ်

ထိုင်ဝမ်သမ္မတ လိုင်ချင်တေသည် ထိုင်ဝမ်၏ လွတ်လပ်ရေးအတွက် အားတက်သရော လုပ်ဆောင်နေသဖြင့် တရုတ်က ၎င်းအား အန္တရာယ်များသည့် ခွဲထွက်ဝါဒီ တစ်ဦးအဖြစ် သတ်မှတ်ထားသည်။

လိုင်ချင်တေက ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့ပြီး တရုတ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

တရုတ်သည် ပြဿနာကို ဖန်တီးသူဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်စေရန် လှုံ့ဆော်နေကြောင်း ကူးက ပြောကြားခဲ့သည်။

"ကျနော်တို့က စစ်ဖြစ်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။ ကျနော်တို့ရဲ့ အလုံးစုံ မဟာဗျူဟာက ကာကွယ်မှု စစ်ဆင်ရေးတွေ ဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်" ဟု ကူးက ပြောကြားခဲ့သည်။

Source: ရိုက်တာ