CNI International News
တိုင်ပေ၊ ဩဂုတ် ၂၃
ထိုင်ဝမ်၏ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၃၀ မတိုင်မီ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် မျှော်လင့်ထား ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေး (Lai Ching-te) က ဩဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဩဂုတ် ၂၁ ရက်တွင် ထိုင်ဝမ်အစိုးရကလည်း ၂၀၂၆ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၃ ဒသမ ၃၂ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုအသုံးစရိတ်ထဲတွင် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အခြား ကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရဘက်က ပြောကြားခဲ့သည်။
ထိုကာကွယ်ရေး အသုံးစရိတ် နှုန်းထားသည် နေတိုးအဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး အသုံးစရိတ် နှုန်းထားနှင့် တူညီမှုရှိကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျန်တိုင် (Cho Jung-tai) က ပြောကြားခဲ့သည်။
ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားသည့် တရုတ်သည် လွန်ခဲ့သော ၅ နှစ်အတွင်း ထိုင်ဝမ်အပေါ် စစ်ရေးနှင့်နိုင်ငံရေး ဖိအားများ တိုးမြှင့်နေချိန်တွင် ထိုင်ဝမ်က ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်။
ထိုင်ဝမ်စစ်တပ်ကို တွေ့ရစဉ်
ထို့ပြင် အမေရိကန်ကလည်း ထိုင်ဝမ်ကို ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း တရုတ်၏ ခြိမ်းခြောက်မှုများသည် မြင့်တက်လာခဲ့ကြောင်းနှင့် ၂၀၃၀ မတိုင်မီ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း လိုင်က ထိုင်ဝမ် အရှေ့မြောက်ဘက် ကမ်းရိုးတန်းရှိ ရေတပ်စခန်းတစ်ခုထံ သွားရောက်ချိန်တွင် ပြောကြားခဲ့သည်။
“ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်တာဟာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ အမျိုးသား လုံခြုံရေးကို ဘေးကင်းစေဖို့အတွက် ထိုင်ဝမ်ရဲ့ သန္နိဋ္ဌာန်ကို ပြသရုံသာမကဘဲ အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းသွားမယ့် မိမိတို့ရဲ့ ဆန္ဒကိုလည်း ပြသရာ ရောက်ပါတယ်” ဟု လိုင်က ပြောကြားခဲ့သည်။
ထိုင်ဝမ်အစိုးရသည် လက်နက် သုတေသနနှင့် ထုတ်လုပ်ရေးတို့တွင် နိုင်ငံတကာ မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် တွန်းအားပေး လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်ကို လက်နက်အများဆုံး ရောင်းချပေးနေသည့် နိုင်ငံဖြစ်သည်။
Source: ရိုက်တာ