CNI International News
ကမ်ပါလာ၊ ဩဂုတ် ၂၃
ယူဂန်ဒါနိုင်ငံသည် အမေရိကန်မှ ပို့ဆောင်မည့် ရွှေ့ပြောင်းနေထိုင်သူအချို့ကို လက်ခံရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ပြစ်မှုမှတ်တမ်းရှိသည့် ရွှေ့ပြောင်းများကိုမူ လက်ခံမည် မဟုတ်ကြောင်း ယူဂန်ဒါအစိုးရက ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့သည် ယခင်က ရွှေ့ပြောင်းများကို အက်ဝါတီနီ (Eswatini ) နှင့် တောင်ဆူဒန်နိုင်ငံများသို့ ပို့ဆောင်ခဲ့ဖူးသည်။
“ဒီ ယာယီ သဘောတူညီချက်မှာ ချွင်းချက်တွေတော့ ရှိပါတယ်။ ပြစ်မှုမှတ်တမ်း ရှိတဲ့လူတွေ၊ ထိန်းသိမ်း စောင့်ရှောက်မယ့် သူမရှိတဲ့ ကလေးတွေကိုတော့ လက်ခံသွားမှာ မဟုတ်ပါဘူး” ဟု ယူဂန်ဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဗင်းဆင့် ဘာဂီရီ ဝိုင်စဝါ (Bagiire Waiswa) က ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုသဘောတူညီချက်ကို CBS News ရုပ်သံလိုင်းက ဩဂုတ် ၁၉ ရက်ကတည်းက ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်သည် တရားမဝင် ရွှေ့ပြောင်းများကို တတိယနိုင်ငံများသို့ ပို့ဆောင်ရန် ဟွန်ဒူးရပ်စ်နိုင်ငံနှင့်လည်း အလားတူ သဘောတူညီချက် ပြုလုပ်ထားသည်။
အမေရိကန်အလံနဲ့ ရွှေ့ပြောင်းအခြေချတွေကို တွေ့ရစဉ်
ယူဂန်ဒါကမူ သဘောတူညီချက်အရ အာဖရိကနိုင်ငံသားများကို လက်ခံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
“သဘောတူညီချက်ကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက တာဝန်ရှိသူ တွေက အသေးစိတ် လုပ်ဆောင်နေကြပါတယ်”ဟု ဝိုင်စဝါက ပြောကြားခဲ့သည်။
အရှေ့အာဖရိကတွင် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ယူဂန်ဒါသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံသူ ၂ သန်းနီးပါးကို လက်ခံထားရပြီး အများစုမှာ ဒီအာကွန်ဂို၊ တောင်ဆူဒန်နှင့် ဆူဒန်နိုင်ငံသားများဖြစ်သည်။
အမေရိကန်သည် ရွှေ့ပြောင်းများကို တတိယနိုင်ငံများသို့ ပို့ဆောင်မှုသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
ဇူလိုင်လကလည်း အမေရိကန်သည် ပြစ်မှုမှတ်တမ်းရှိသူ အမျိုးသား ၅ ဦးကို အက်စ်ဝါတီနီနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး အမျိုးသား ၈ ဦးကို တောင်ဆူဒန်သို့ ပို့ဆောင်ခဲ့သည်။
ပြီးခဲ့သည့်လက ရဝမ်ဒါနိုင်ငံကလည်း အမေရိကန်ထံမှ ရွှေ့ပြောင်းများကို လက်ခံရန် သဘောတူညီမှု ရရှိခဲ့ ကြောင်း ကြေညာခဲ့သည်။
Source: DW