CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလီနွိုက်စ် (Illinois) ပြည်နယ်၊ ချီကာဂို (Chicago) မြို့တွင် တရားမဝင် ရွှေ့ပြောင်းများကို နှိမ်နင်းမှုအား စတင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဒီမိုကရက်များ အုပ်ချုပ်သည့် မြို့များတွင် ရာဇဝတ်မှုများနှင့် ဆူပူမှုများ ဖြစ်ပွားနေကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး ထိုမြို့များတွင် ဖက်ဒရယ်အေးဂျင့်များသည် ရွှေ့ပြောင်းများအား နှိမ်နင်းမှုကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

Operation Midway Blitz အမည်ရှိ စစ်ဆင်ရေးကို အီလီနွိုက်ပြည်နယ်၏ ချီကာဂိုမြို့နှင့် အခြား နေရာများတွင် စတင်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းများ၏ ရာဇဝတ်မှုများကို ပစ်မှတ်ထားနေကြောင်း အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS)က စက်တင်ဘာ ၈ ရက်၌ ထုတ်ပြန်ခဲ့သည်။

ဒီမိုကရက်တစ်ဦးဖြစ်သည့် အီလီနွိုက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇ်ကာ (JB Pritzker) သည် တရား ဥပဒေချိုးဖောက်သူများကို အကာအကွယ် ဖြစ်စေနိုင်သည့် မူဝါဒများ ချမှတ်ခဲ့ကြောင်း DHS က ဝေဖန်ပြစ်တင်ခဲ့ သည်။

ဖက်ဒရယ်အစိုးရ၏ လုပ်ဆောင်ချက်အရ အိမ်ဖြူတော်နှင့် ဒီမိုကရက်တစ် မြို့တော်ဝန်များ၊ ပြည်နယ် အုပ်ချုပ်ရးမှူးများအကြား နိုင်ငံတော်အဆင့် ထိပ်တိုက်တွေ့မှုသည် ပိုမိုပြင်းထန်လာသည့် အခြေအနေကို ဖော်ပြရာ ရောက်ခဲ့သည်။

ချီကာဂိုမြို့ရှိ ထရမ့်တာဝါရှေ့မှာ ဆန္ဒပြနေစဉ်

ထရမ့်၏ လုပ်ဆောင်ချက်များသည် ဖက်ဒရယ်အဆင့် မဟုတ်ဘဲ ပြည်နယ်အဆင့်နှင့် မြို့အဆင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်ကို ကြားဝင်စွက်ဖက်နေခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ် မြို့တော်ဝန်များနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူများက ဝေဖန်ခဲ့ကြသည်။

ချီကာဂိုတွင် ရွှေ့ပြောင်းများအား စတင်နှိမ်နင်းသည့် ထရမ့်၏ လုပ်ဆောင်ချက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး ပရစ်ဇ်ကာက ဝေဖန်ခဲ့ပြီး ထရမ့်သည် အမေရိကန်၏ တတိယအကြီးဆုံး မြို့ဖြစ်သည့် ချီကာဂိုတွင် မလိုအပ်ဘဲ အကြောက်တရားများကို ရိုက်သွင်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

“နောက်တစ်ကြိမ် ထပ်လုပ်ပြန်ပြီ။ ဒါက ရာဇဝတ်မှုကို တိုက်ဖျက်တာ မဟုတ်ပါဘူး။ ပြည်သူ့လုံခြုံရေးအတွက် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အစား ထရမ့်အစိုးရက အီလီနွိုက်စ်ပြည်နယ်မှာ နေတဲ့သူတွေကို ထိတ်လန့် တုန်လှုပ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ပရစ်ဇ်ကာက ပြောကြားခဲ့သည်။

အမေရိကန် လူဝင်မှုနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့(ICE) သည် စက်တင်ဘာ ၈ ရက်တွင် ICE အမှတ်တံဆိပ် ပါသည့် ကား ၁ စီးသည် ချီကာဂိုမြို့ရှိ အထင်ကရ အဆောက်အအုံများဖြစ်သည့် Chicago Board of Trade အဆောက်အအုံနှင့် Willis Tower တို့ကို နောက်ခံထားပြီး ရိုက်ကူးထားသော ဓာတ်ပုံကို လူမှုမီဒီယာတွင် တင်ခဲ့သည်။

သို့သော် ၎င်းတို့၏ စစ်ဆင်ရေးနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ရေးသားဖော်ပြခဲ့ခြင်း မရှိပေ။

Source: South China Morning Post