CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၈
ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ရေးအတွက် ရွေးချယ်စရာ နည်းလမ်းများထဲတွင် အမေရိကန်စစ်တပ်ကို အသုံးပြုမည့် ရွေးချယ်မှုလည်း ပါဝင်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဥရောပနိုင်ငံများ၏ ကန့်ကွက်မှုများ ရှိနေသည့်တိုင် ဂရင်းလန်း(Greenland)ကျွန်းကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးနေသည်။
အာတိတ်ဒေသအတွင်းရှိ ရန်သူများကို ဟန့်တားရန်အတွက် ဂရင်းလန်းကျွန်းကို ရယူခြင်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စအဖြစ် ထရမ့်က ရှုမြင်ထားကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကို တွေ့ရစဉ်
“ဒီလိုအရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် ထရမ့်နဲ့ သူ့အဖွဲ့ဟာ နည်းလမ်းမျိုးစုံကို ဆွေးနွေးနေကြပါတယ်။ အမေရိကန် စစ်တပ်ကို အသုံးပြုဖို့ ဆိုတာကလည်း စစ်ဦးစီးချုပ်ဖြစ် တဲ့ သမ္မတထရမ့်ရဲ့ လက်ထဲမှာ အမြဲတမ်းရှိနေတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန် ခဲ့သည်။
ဂရင်းလန်းကျွန်း အာဏာပိုင်များကမူ ၎င်းတို့အနေဖြင့် အမေရိကန်၏ နယ်မြေ အစိတ်အပိုင်းတစ်ခု မဖြစ်လို ကြောင်း ထပ်တလဲလဲ ထုတ်ဖော်ပြောကြားခဲ့သည်။
ဥရောပ အင်အားကြီး နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့မှ ခေါင်းဆောင်များကလည်း ဂရင်းလန်းကျွန်းကို ထိုကျွန်းပေါ် တွင် နေထိုင်သူများကသာ ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ပြီး ဂရင်းလန်းအာဏာပိုင်များဘက်မှ ဝိုင်းဝန်း ရပ်တည် ပေးခဲ့ကြသည်။
နှစ်ပေါင်းများစွာကြာအောင် မဟာမိတ်ဖြစ်ခဲ့သည့် ဒိန်းမတ်နိုင်ငံထံမှ ဂရင်းလန်းကျွန်းကို အမေရိကန်စစ်တပ်က အတင်းအဓမ္မ သိမ်းယူမည်ဆိုပါက နေတိုးမဟာမိတ်အဖွဲ့အတွင်း ကြီးမားသော ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ် စေမည်ဖြစ်ပြီး ထရမ့်နှင့် ဥရောပ ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှုများကို ပိုမိုနက်ရှိုင်းစေမည် ဖြစ် သည်။

အမေရိကန်စစ်တပ်ကိုတွေ့ရစဉ်
ထရမ့်သည် ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၁၉ ခုနှစ်ကတည်းက ဂရင်းလန်းကျွန်းကို ရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဇန်နဝါရီ ၃ ရက်က ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို အမေရိကန်က ဖမ်းဆီးခဲ့ပြီး နောက် ဂရင်းလန်းကျွန်းနှင့်ပတ်သက်သည့် ထရမ့်၏ စိတ်ဝင်စားမှုသည် နောက်တစ်ကြိမ် မြင့်တက်လာခဲ့သည်။
မာဒူရိုကို ဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့် ပိုမိုရဲတင်းလာသည့် ထရမ့်က “အနောက်ကမ္ဘာခြမ်းမှာ အမေရိကန်ရဲ့ လွှမ်းမိုး မှုကို ဘယ်သူကမှ ထပ်ပြီး မေးခွန်းထုတ်နိုင်တော့မှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
ထို့နောက် ကိုလံဘီယာနှင့် ကျူးဘားနိုင်ငံများ အပေါ်လည်း ဖိအားများ တိုးမြှင့်ခဲ့သည်။
Source: ရိုက်တာ
