CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၈

ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်ကို ရေနံစိမ်း စည်ပေါင်း သန်း ၃၀ မှ သန်း ၅၀ အထိ ထောက်ပံ့ပေးလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုရေနံများ ရောင်းချမှုမှ ရရှိသည့်ငွေကို နှစ်နိုင်ငံစလုံးရှိ ပြည်သူများ၏ အကျိုးစီးပွားအတွက် အသုံးပြုသွားမည်ဟု ၎င်းက ပြောသည်။

ဗင်နီဇွဲလားတွင် ရေနံ အရင်းအမြစ် ကြွယ်ဝသော်လည်း အခြေခံ အဆောက်အအုံ အခက်အခဲများနှင့် ကြုံတွေ့ နေရသဖြင့် ထရမ့်အစိုးရသည် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်း၌ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများ အတွက် ပိုမိုကျယ်ပြန့်စွာ လုပ်ပိုင်ခွင့်ပေးရန် ဖိအားပေးခဲ့သည်။

ထို့ပြင် ထရမ့်သည် ဗင်နီဇွဲလား အရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အမေရိကန် ရေနံကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိများနှင့် ဇန်နဝါရီ ၈ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

ထိုအစီအစဉ်နှင့် ပတ်သက်ပြီး သိရှိထားသည့် အမည်မဖော်လိုသူ တစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၈ ရက် တွင် အိမ်ဖြူတော်၌ ပြုလုပ်မည့် အစည်းအဝေးကို Exxon၊ Chevron နှင့် ConocoPhillips ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်လိမ့်မည်ဟု ဆိုသည်။

ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂုဇ်ကို တွေ့ရစဉ်

ထရမ့်သည် မာဒူရိုအား ဖမ်းဆီးခဲ့ပြီးနောက် ဗင်နီဇွဲလား၏ ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့သည့် ဒယ်လ်စီ ရိုဒရီဂုဇ် (Delcy Rodriguez) ကို ယခုသီတင်းပတ် အစောပိုင်းက သတိပေးခဲ့သည်။

ရိုဒရီဂုဇ် အနေဖြင့် ဗင်နီဇွဲလားတွင် အမေရိကန်စွမ်းအင်ကုမ္ပဏီများ ဝင်ရောက် လုပ်ကိုင်ခွင့်ပေးမှု အပါအဝင် အမေရိကန်၏ အကျိုးစီးပွားများနှင့် ကိုက်ညီသော နိုင်ငံဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်ပါ မာဒူရိုထက် ပိုမိုဆိုးရွားသော ရလဒ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထရမ့်က သတိပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ရိုဒရီဂုဇ်က ဇန်နဝါရီ ၆ ရက်တွင် စိုက်ပျိုးရေးနှင့် စက်မှုဆိုင်ရာ တာဝန်ရှိသူများကို ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထရမ့်၏ ခြိမ်းခြောက်သတိပေးမှုကို ပြန်လည်တုန့်ပြန်ခဲ့သည်။

“ကျမကို ခြိမ်းခြောက်နေတဲ့ သူတွေကို ပုဂ္ဂိုလ်ရေးအရ ပြောချင်တာကတော့ ကျမရဲ့ ကံကြမ္မာကို သူတို့က သတ်မှတ်တာ မဟုတ်ဘဲ ဘုရားသခင်ကသာ သတ်မှတ်တာ ဖြစ်ပါတယ်” ဟု ရိုဒရီဂုဇ်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားလုံခြုံရေးအရာရှိ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရ၏ တာဝန်ရှိသူများက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Source: အေပီ