CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၃၀

အမေရိကန်ပြည်ထောင်စုသည် အီရန်ကမ်းလွန်အနီးတွင် စစ်အင်အား တိုးမြှင့်လာမှုသည် ၂၀၂၅ ခုနှစ်၊ ဇွန်လထက် ပိုမို ပြင်းထန်လာသည်ဟု အယ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ စစ်အင်အား တိုးမြှင့်လာမှုသည် အီရန်နိုင်ငံကို တိုက်ခိုက်ရန် အမေရိကန်က စီစဉ်နေသည့် အရိပ် အယောင် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများကလည်း သုံးသပ်ထားကြသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက အာရေဗျပင်လယ် (Arabian Sea) သို့ အမေရိကန်က စေလွှတ်ခဲ့သော စစ်သင်္ဘော အုပ်စုများတွင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဖြစ်သည့် USS Abraham Lincoln လည်း ပါဝင်သည်။

အမေရိကန် စစ်အင်အား တိုးမြှင့်မှုကို ပြသထားစဉ်

လွန်ခဲ့သည့်နှစ် ဇွန်လက ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော အီရန်-အစ္စရေး စစ်ပွဲ အတွင်းတွင်လည်း အမေရိကန်သည် ၎င်း၏မဟာမိတ် အစ္စရေးဘက်မှ ရပ်တည်ကာ အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုကို  ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်က ကမ္ဘာအနှံ့ရှိ စစ်လက်နက် ပစ္စည်းများကို အီရန်အနီးရှိ ဒေသသို့ ဖြန့်ကြက်ခဲ့ဖူးသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းကလည်း ဗင်နီဇွဲလားနိုင်ငံပိုင် သင်္ဘောများသည် အမေရိကန်သို့ မူးယစ်ဆေးဝါး များ မှောင်ခို ပို့ဆောင်နေသည်ဟု စွပ်စွဲကာ ဗင်နီဇွဲလားသင်္ဘောများကို မတိုက်ခိုက်မီ သီတင်းပတ် သတ္တပတ် အနည်းငယ် အလိုတွင် ကာရေဘီယံပင်လယ်၌ စစ်အင်အားများ စုဆောင်းခဲ့သည်။

နောက်ဆုံးတွင် အမေရိကန်သည် ဇန်နဝါရီ ၃ ရက်၌ ဗင်နီဇွဲလားကို စစ်ရေးအရ စီးနင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ် ကာ ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ နှောင်းပိုင်းမှစ၍ ငွေကြေးတန်ဖိုး ကျဆင်းမှုအပေါ် မကျေနပ်ရာမှ နောက်ပိုင်း၌ အစိုးရအပြောင်းအလဲအတွက် တောင်းဆိုလာကြသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

အမေရိကန် စစ်အင်အားကို ပြသထားစဉ်

ထို့နောက် အီရန်လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံ ခဲ့ရပြီး အီရန်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ပြောကြားချက်အရ အနည်းဆုံး ဆန္ဒပြသူ ၅၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီး ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်း ခံထားရသည်ဟုဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump )က ထိုအခြေအနေကို အသုံးချကာ အီရန်ဘာသာရေး ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆန္ဒပြသူများအား အကူအညီများ လာနေကြောင်း ပြောကြားခဲ့ သည့်အပြင် အကယ်၍ အီရန်က အကျဉ်းသားများကို ကွပ်မျက်မှုများ ပြုလုပ်ပါက စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထရမ့်၏ စကားလုံးများနှင့် အီရန် ကမ်းလွန်ရေပြင်တွင် ပုံမှန်မဟုတ်သော အမေရိကန် စစ်အင်အားတိုးမြှင့် ဖြန့်ကြက်မှုများက တိုက်ခိုက်မှုများ မကြာမီ ဖြစ်ပွားလာနိုင်သည့် အရိပ်အယောင်ရှိကြောင်း အချို့သော လေ့လာ ဆန်းစစ်သူများက ပြောကြားခဲ့ကြသည်။

Source: အယ်ဂျားဇီးယား