CNI International News

ဘာလင်၊ ဇန်နဝါရီ ၃၀

တရုတ်၏ ထိပ်သီးဗိုလ်ချုပ်ကြီးများအပေါ် သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ယုံကြည်မှုသည် လျော့ကျလာဖွယ် ရှိကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ထိပ်တန်း ခေါင်းဆောင်နှစ်ဦးကို စည်းကမ်းဖောက်ဖျက်မှု ကျူးလွန်ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တရုတ်အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ် ကုန်တွင် ကြေညာခဲ့ပြီးနောက် ရှီကျင့်ဖျင်၏ သဘောထားကို သုံးသပ်နေကြခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးခံ ရသူများအနက် သမ္မတ ရှီ၏ စစ်ဘက်ဆိုင်ရာ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်ပြီး သြဇာ ကြီးမားသော ဗဟိုစစ်ကော်မရှင် (CMC) ၏ ဒုတိယဥက္ကဋ္ဌ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် ထိပ်တန်းဗိုလ်ချုပ်ကြီး ကျန်းယိုရှာ (Zhang Youxia) ပါဝင်သည်။

အခြားအဆင့်မြင့် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ လျူကျန်းလီ (Liu Zhenli) လည်း စုံစမ်းစစ်ဆေးခံနေရပြီး ၎င်းတို့ နှစ်ဦးလုံးသည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

နိုင်ငံရေးသမားများကို စည်းကမ်းဘောင်အတွင်း ရှိစေရန်နှင့် သစ္စာမဲ့ခြင်းကို အပြစ်ပေးရန်အတွက် ကွန်မြူနစ် ပါတီအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။

တရုတ်စစ်တပ် ဗိုလ်ချုပ်ကြီး ကျန်းယိုရှာကို တွေ့ရစဉ်

မကြာသေးမီကမူ ရှီသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ ခေါင်းဆောင်မှုပုံစံကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းလာခဲ့ပြီး ၎င်း၏ အာရုံစိုက်မှုသည် ဗိုလ်ချုပ်ကြီးများနှင့် စစ်တပ်အပေါ် ပြောင်းလဲလာဖွယ်ရှိသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တရုတ်အာဏာပိုင်များက စစ်ဘက်ဆိုင်ရာ အရာရှိ ကိုးဦးကို အဂတိလိုက်စား မှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ကြေညာခဲ့သည်။

 ၂၀၂၂ ခုနှစ်တွင် ရှီသည် ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံ၌ တတိယအကြိမ်မြောက် သမ္မတ သက်တမ်းကို ရယူရန် ပါတီ၏ ထုံးတမ်းစဉ်လာများအား ချိုးဖောက်ခဲ့ချိန်က ကျန်းသည် ရှီကို လူသိရှင်ကြား ထောက်ခံခဲ့သူဖြစ်ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနဌာနမှ မင်ရှီရှန် (Ming-Shih Shen) က ပြောကြားခဲ့သည်။

ရှီသည် ၎င်း၏ အာဏာကို ခိုင်မာစေရန်အတွက် ယုံကြည်ရသည့် မဟာမိတ်များကို ပုံမှန်ထက်စောပြီး ရာထူး တိုးမြှင့် ပေးခြင်းဖြင့် စစ်တပ်အတွင်း နှစ်ရှည်လများ ကျင့်သုံးခဲ့သော စည်းမျဉ်းများနှင့် တားမြစ်ချက်များစွာ ကိုလည်း ချိုးဖောက်ခဲ့သည်ဟု ရှန်က ပြောကြားခဲ့သည်။

တရုတ်စစ်တပ် ခေါင်းဆောင်တွေကို တွေ့ရစဉ်

သို့သော် စစ်တပ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ပထမလှိုင်းအပြီးတွင် ကျန်းသည် ပစ်မှတ် မဟုတ်ခဲ့သော်လည်း နေရထိုင်ရ ပိုမိုကျပ်တည်းလာပြီး ခြိမ်းခြောက်ခံရသည်ဟု ခံစားလာရနိုင်ကြောင်း ရှန်က ဆိုသည်။။

“ရှီက သူ့ (ကျန်း) ကို မယုံကြည်တော့တာ ရှင်းပါတယ်။ ကျန်းဟာ ဘာကြောင့် မျက်နှာသာ ပေးမခံရတော့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု ဒါမှမဟုတ် အမေရိကန်မီဒီယာတွေ ဖော်ပြသလို သူလျှိုလုပ်ပေးမှု ကြောင့်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ရှီကသာ ကျန်းအပေါ် ယုံကြည်မှုရှိနေမယ် ဆိုရင် အဲဒီခန့်မှန်းချက်တွေက အရေးမကြီးပါဘူး။ ယုံကြည်မှု ပျက်ပြားသွားပြီဆိုရင်တော့ အပြောင်းအလဲတွေ ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ထိုင်ဝမ်ရှိ Tamkang တက္ကသိုလ်မှ ကျွန်းကျင်သူ ယင်ယူလင် ( Ying-Yu Lin) က ပြောကြားခဲ့သည်။

Source: DW