CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၂၉

ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) သည် အမေရိကန်၏ ရန်ဘက်နိုင်ငံများနှင့် ဆက်ဆံရေးကို တရားဝင် ဖြတ်တောက်ပြီး အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိ၊မရှိကို သံသယရှိ ကြောင်း အမေရိကန်ထောက်လှမ်းရေး အစီအရင်ခံစာများက ဖော်ပြနေသည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သူ ၄ ဦးက မကြာသေးမီ ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရိုဒရီဂွက်ဇ်ကို အီရန်၊ တရုတ်နှင့် ရုရှားကဲ့သို့ ဗင်နီဇွဲလားနှင့် ရင်းနှီးသည့် နိုင်ငံတကာ မဟာမိတ်များနှင့် ဆက်ဆံ ရေးအား ဖြတ်တောက်ရန်၊ ထိုနိုင်ငံများ၏ သံတမန်များနှင့် အကြံပေးပုဂ္ဂိုလ်များကို ဗင်နီဇွဲလားမှ နှင်ထုတ်စေ လိုကြောင်း အမေရိကန်အရာရှိများက လူသိရှင်ကြား ပြောဆိုထားသည်။

သို့သော် ယခုလ အစောပိုင်းတွင် ကျင်းပခဲ့သော ရိုဒရီဂွက်ဇ်၏ ကျမ်းသစ္စာဆိုပွဲသို့ အဆိုပါနိုင်ငံများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့သော်လည်း ရိုဒရီဂွက်ဇ်သည် ထိုနိုင်ငံများနှင့် ဆက်ဆံရေး ဖြတ်တောက်မည့် အခြေအနေ ကို လူသိရှင်ကြား ကြေညာခြင်း မရှိသေးပေ။

ဖမ်းဆီးခံလိုက်ရတဲ့ ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုကို တွေ့ရစဉ်

ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခဲ့ပြီး နောက် ရိုဒရီဂွက်ဇ်သည် ယာယီသမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။

အမည်မဖော်လိုသည့် သတင်းရင်းမြစ်များ၏ အဆိုအရ အမေရိကန် ထောက်လှမ်းရေး အစီအရင်ခံစာများတွင် ရိုဒရီဂွက်ဇ်သည် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်၏ မဟာဗျူဟာကို အပြည့်အဝ လက်ခံခြင်း ရှိ၊ မရှိကို ရှင်းလင်းစွာ မသိရကြောင်း ဖော်ပြထားသည်။

CIA ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် (John Ratcliffe) သည် ဇန်နဝါရီ ၁၅ ရက်တွင် ကာရာကပ်စ် (Caracas) မြို့တော်သို့ သွားရောက်ခဲ့ပြီး ရိုဒရီဂွက်ဇ်နှင့် ဗင်နီဇွဲလား နိုင်ငံရေးအနာဂတ်ကို ဆွေးနွေးခဲ့သည်။

အမေရိကန်သည် ဗင်နီဇွဲလား၏ များပြားလှသည့် ရေနံများကို အသုံးချပြီး ဗင်နီဇွဲလား အပါအဝင် အနောက်ကမ္ဘာ ခြမ်းတွင် ၎င်း၏ ပြိုင်ဘက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်

ရိုဒရီဂွက်ဇ် အနေဖြင့် အမေရိကန်၏ ပြိုင်ဘက် နိုင်ငံများနှင့် ဆက်ဆံရေးကို ဖြတ်တောက်ခဲ့မည်ဆိုပါက ဗင်နီဇွဲလား၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းများ ပိုမိုပွင့်လာမည် ဖြစ်သည်။

သို့သော် ရိုဒရီဂွက်ဇ် အနေဖြင့် အမေရိကန်၏ ပြိုင်ဘက်နိုင်ငံများနှင့် ဆက်ဆံရေးကို ဖြတ်တောက်ခြင်း မရှိပါက ဗင်နီဇွဲလားကို အဝေးမှ ညွှန်ကြားလိုသည့် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများကို လျော့ကျစေမည်ဖြစ်သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက် တောင်းခံမှုကို စီအိုင်အေနှင့် ဗင်နီဇွဲလား အစိုးရတို့က တုန့်ပြန်ခြင်း မရှိခဲ့ပေ။

Source: ရိုက်တာ