CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၈
ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန်ရေးရာ သဘောတူညီချက်ရရှိအောင် လုပ်ဆောင်နေသည့် အားထုတ်ကြိုးပမ်းမှု များကို ပယ်ဖျက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအနီးတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသော သင်္ဘောများကို စစ်တပ်က ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် New York Times က ထိုသတင်းကို ပထမဆုံး ဖော်ပြလာခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် မူးယစ်ဂိုဏ်းများကဲ့သို့ စနစ်တကျ ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်နေ ရကြောင်း ထရမ့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် ဗင်နီဇွဲလားနိုင်ငံတွင်းရှိ လေကြောင်း တိုက်ခိုက်မှုများကို စဉ်းစားသုံးသပ်နေသော်လည်း ၎င်း၏စစ်ရေး လှုပ်ရှားမှုများကို ဒုတိယအဆင့်သို့ တိုးမြှင့်ရန် စဉ်းစားဆုံးဖြတ်ရခြင်း မရှိသေးကြောင်း အမေရိကန် တာဝန်ရှိသူ တစ်ဦးက ရိုက်တာကို ပြောပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်က အကြီးတန်း စစ်ဘက်ခေါင်းဆောင်များနှင့် အောက်တိုဘာ ၂ ရက်က ဘဲဥပုံရုံးခန်းတွင် အစည်းအဝေး ပြုလုပ်စဉ်အတွင်း ၎င်း၏ အထူးသံတမန် ရစ်ချတ်ဂရီနဲလ်( Richard Grenel)အား ဗင်နီဇွဲလားနိုင်ငံနှင့် သံတမန် ရေးရာ သဘောတူညီချက်ရရှိအောင် လုပ်ဆောင်နေသည့် အားထုတ်ကြိုးပမ်းမှုများကို ပယ်ဖျက်ရန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဗင်နီဇွဲလား ကမ်းလွန် ပင်လယ်ပြင်တွင် သင်္ဘောများကို အမေရိကန်က တိုက်ခိုက်မှုသည် ပင်လယ်ရေကြောင်းမှ တဆင့် မူးယစ်ဆေးဝါး စီးဆင်းမှုအား ရပ်တန့်စေခဲ့ပြီး လက်ရှိတွင် အမေရိကန်အနေဖြင့် ကုန်းလမ်းကြောင်းနှင့် ပတ်သက်ပြီး စတင်သုံးသပ်နေကြောင်း ထရမ့်က ပြောသည်။
သို့သော် အိမ်ဖြူတော်က နောက်ထပ် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိပေ။
ထရမ့် သမ္မတဖြစ်လာသည့် ဇန်နဝါရီလနောက်ပိုင်း အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုများ ပြန်လည် မြင့်တက်လာခဲ့သည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
ဗင်နီဇွဲလားသမ္မတ မာဒူရို(Nicolas Maduro)က ဗင်နီဇွဲလားနိုင်ငံအတွင်း မူးယစ်ဆေးဝါးများကို ထုတ်လုပ်နေ သည်ဟု အမေရိကန်၏ စွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး အမေရိကန်သည် ၎င်းကို အာဏာမှဖယ်ရှားရန် မျှော်လင့် နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။
ဩဂုတ်လကလည်း အမေရိကန်အစိုးရသည် မာဒူရိုအား ဖမ်းဆီးနိုင်ရန် သတင်းပေးသူကို ဆုကြေးငွေ ဒေါ်လာ သန်း ၅၀ အထိ ဆုကြေးနှစ်ဆ တိုးမြှင့်ခဲ့သည်။
ထို့နောက် မာဒူရိုအား မူးယစ်မှောင်ခိုကူးမှုနှင့် ရာဇဝတ်မှုအဖွဲ့များဖြင့် ဆက်နွှယ်နေသည်ဟု အမေရိကန်အစိုးရ ဘက်က စွပ်စွဲပြောကြားခဲ့သော်လည်း မာဒူရိုက ငြင်းဆန်ထားသည်။
Source: ရိုက်တာ