CNI International News

ကိုင်ရို၊ အောက်တိုဘာ ၈

အီဂျစ်နိုင်ငံတွင် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး ဟားမာ့စ် ကိုယ်စားလှယ်အဖွဲ့၊ အီဂျစ်နှင့် ကာတာ စေ့စပ်ညှိနှိုင်းသူများကြား ပထမအကြော့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

အီဂျစ်ထောက်လှမ်းရေးအဖွဲ့နှင့် နီးစပ်သည့် Al-Qahera News ရုပ်သံလိုင်းကမူ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ငြိမ်းချမ်းရေး အစီအစဉ်နှင့်ပတ်သက်ပြီး အပြီးသတ် သဘောတူညီမှု ရရှိရန် ရည်ရွယ်ထားသည့် သွယ်ဝိုက် ဆွေးနွေးမှုအား ဆိုင်းနိုင်း ကျွန်းဆွယ် (Sinai Peninsula)ဖြစ်သော ရှာအမ် အယ် ရှိတ် (Sharm El-Sheikh) မြို့တွင် ပြုလုပ်သည့် ဆွေးနွေးမှုများကို အစ္စရေး ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။

ဂါဇာဆွေးနွေးပွဲသတင်း ဖော်ပြနေစဉ်

ဆွေးနွေးပွဲ၏ ပထမဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၆ ရက်တွင် စေ့စပ်ညှိနှိုင်းသူများက အစ္စရေး၌ ဖမ်းဆီးခံထား ရသည့် ပါလက်စတိုင်း အကျဉ်းသားများနှင့် ဂါဇာမှာ ဟားမာ့စ်နှင့် အခြားစစ်သွေးကြွများ ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် လုပ်ငန်းစဉ်တစ်ခု ထူထောင်ရန် ကြိုးပမ်းခဲ့ကြသည်ဟု Al-Qahera က ဖော်ပြခဲ့သည်။

ထိုအချိန်အတောအတွင်း ထရမ့်ကလည်း ငြိမ်းချမ်းရေး သဘောတူစာချုပ် ရရှိရန် ဖြစ်နိုင်ခြေမှာ သေချာ သလောက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဟားမာ့စ်အဖွဲ့က အရမ်းအရေးကြီးတဲ့ အချက်တွေကို သဘောတူခဲ့ပြီလို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ သဘောတူညီမှု ရတော့မှာပါ”ဟု ထရမ့်က ပြောကြားခဲ့သည်။

Source: DW