CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇

အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ရန်ကုန်မြို့မှာ ဖမ်းဆည်းရမိခဲ့သည်ဟု ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတဆင့် ရခိုင်ပြည်နယ် နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိ ပိတ်ဆို့ရှာဖွေစဉ် လှည်းကူးမြို့နယ်၊ လှည်းကူး- ဖောင်ကြီးလမ်းမပေါ်၌ အောင်ခန့်ကျော်နှင့် ထက်ဝေဖြိုးတို့ မောင်းလာသည့် Nissan Condor ယာဉ်ပေါ်မှ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅.၉၇ ဘီလီယံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးရှိ “ရွှေမောင်း” လက်ဖက်ရည်ဆိုင်၌ မူးယစ်ဆေးဝါး သယ်‌ဆောင်မည့် ယာဉ်အား ငှားရမ်းချိတ်ဆက်ပေးသည့် ဇော်ဝင်းထွန်းနှင့် ဆန်းထွန်းကျော်တို့ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊ စောဇင်မင်းဟန်တို့ကို အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုး ငွေကျပ် ၄၉.၉၇ ဘီလီယံခန့်နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် သုံးခွမြို့နယ်၊ သမ္မစိတ္တကမ်းခြေမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကောင်း သိရှိရ၍ စက်တင်ဘာ ၂၇ ရက်တွင် သမ္မစိတ္တကျေးရွာအနီးရှိ နေအိမ်ဂိုဒေါင်၌ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ ကျော်နိုင်နှင့် မူးယစ်ဆေးဝါး သယ် ဆောင်ပေးခဲ့သည့် ယာဉ်မောင်း/ယာဉ်မောင်အကူများဖြစ်သော သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၉.၉ ဘီလီယံခန့်နှင့် မူးယစ် ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သော Mitsubishi Fuso အဖြူရောင်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာမှ စိုးမင်းပိုင်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက် တွင် လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက် Smile World Spa ဆိုင်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်း ပေးသူ ခင်မောင်တွတ်ကိုလည်းကောင်း၊ စက်တင်ဘာ ၂၉ ရက်တွင် တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာ၌ တင့်နိုင် ထွန်း အားလည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၁၆ ဦး၊ မော်တော်ယာဉ် ၄ စီးနှင့် အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

AA အဖွဲ့သည် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ကာ/လုံ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။