CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်) ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာအနီး၌ ခန့်မှန်း ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်က ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အနောက်မြောက် ဘက် မီတာ ၂၈,၅၀၀ ခန့်အကွာ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှာ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ မူးယစ်ဆေးဝါးချက် လုပ်/ထုပ် ပိုးသည့် မိုးကာတဲကြီး ၂ လုံးကို တွေ့ရှိခဲ့သည်။

ထို့နောက် အလျား ၅၀ ပေ အနံ ၃၀ ပေရှိ ထမင်းစာဆောင် မိုးကာတဲ ၁ လုံးနှင့် လူနေမိုးကာတဲ ၁ လုံး၊ ၁၀ ပေ ပတ်လည် လူနေမိုးကာတဲ ၃ လုံး၊ အလျား ၁၀ ပေ အနံ ၁၅ ပေရှိ မိုးကာတဲ ၃ လုံးတို့ကိုလည်း တွေ့ရှိခဲ့ကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ တဲများအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော ၁၉ လုံးကျ ရိုက် စက်နှင့် အင်ဂျင်အသေးတွဲလျက်ပါ ၄ လုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေ ၂၀ ကီလိုဂရမ်စီပါ ၆ အိတ်၊ ပန်းရောင် စိတ်ကြွဆေးမှုန့် ၂၀ ကီလိုဂရမ်စီပါ ၁၅ အိတ်၊ အိုက်စ် ၁ ကီလိုဂရမ်စီပါ ၄၉ ထုပ်၊ ကဖင်း ၁၅ ကီလိုဂရမ်စီပါ ၄၆ အိတ်၊ ကဖင်း ၂၀ ကီလိုဂရမ်စီပါ ၇၀ အိတ်၊ အခြောက်ခံ စတီးဗန်း ၁၆ ဗန်း၊ မူးယစ်ဆေးဝါး မွှေစက်နှင့် အင်ဂျင်အသေးတွဲလျက်ပါ ၁ လုံး၊ ဂတ်စ်အိုး ၃၂ လုံး၊ မီးစက်အကြီး ၁ လုံး၊ မျောက် ခေါင်း တံဆိပ်အနံ့ဆေးရည် ၂၀ လုံးစီပါ ၁၂ ဖာ တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့ သည်။

ထို့ပြင် Promethazine တံဆိပ်ပါ ချောင်းဆိုးပျောက်ဆေး ၂၅၀ လုံး၊ ဗင်နီလင်း ၄၀ ကီလိုဂရမ်စီပါ ၄ အိတ်၊ ကြယ်တံဆိပ် Food Colour ဘူးသေး ၅၀ ဘူး၊ ကီလိုချိန် စက်အကြီး ၂ ခု၊ စိတ်ကြွဆေးပြားများ ထည့်သည့် ပလတ်စတစ် ကပ်ခွာအိတ်ငယ်ပါ ဆာလာအိတ် ၃ အိတ်၊ မှိုင်းကိုင်စက္ကူပါ ဆာလာအိတ် ၃ အိတ်၊ ဆေးပြားရိုက်မှို တံဆိပ် မပါ ၂၀၃ ချောင်း၊ WY တံဆိပ်ပါ ဆေးပြား ရိုက်မှို ၂၀၄ ချောင်းနှင့် Starlink Gen 3 ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒေသတစ်ဝိုက်အားလည်း မသင်္ကာဖွယ် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများ ရှိနိုင်သေးသဖြင့် နယ်မြေ ရှင်းလင်းမှုများ လုပ်သွားမည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် နောက်ပိုင်း နိုင်ငံရေး ပဋိပက္ခနှင့် စစ်ရေး ပဋိပက္ခ ပြင်းထန်လာ ချိန်မှာပဲ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း မှောင်ခိုကူးမှုများ အကြီးအကျယ် လုပ်ကိုင်လာခဲ့ကြသည်။

ထို့နောက် တရားဥပ‌ဒေစိုးမိုးမှု ကျဆင်းလာပြီး ပြည်သူများသည် မူးယစ်ဆေးဝါး သားကောင်များ ဖြစ်လာ နေသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အတွင်းကလည်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့ အနီးမှာလည်း  မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရေး အတွက် အသုံးပြုရာတွင် ပါဝင်သော ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သေးသည်။