CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅
မြန်မာနိုင်ငံ၏ ကချင်၊ ရခိုင်၊ ကရင် လက်နက်ကိုင် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ပါက လက်နက် ကိုင် ပဋိပက္ခလမ်းကြောင်းကို ဖြေရှင်းနိုင်ရန် လွယ်ကူသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ လွှတ်တော် အခန်းကဏ္ဍအနက် အမျိုးသားလွှတ်တော်၏ သဘာပတိနှင့် ဒုဥက္ကဋ္ဌတို့သည် ကချင် လူမျိုးများဖြစ်ကြပြီး ထိုသို့ နေရာပေးလိုက်ခြင်းသည် ကချင်နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်လျှင် ပိုမို လွယ်ကူမည်ဟု ယူဆ၍ ခန့်အပ်နေရာပေးခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။
ဒေါက်တာအန်ကောလက “ကျနော် မြင်တာကတော့ အခု လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်နက် ကိုင် ပဋိပက္ခတွေ၊ ငြိမ်းချမ်းရေး ခရီးစဉ်တွေက အဓိက အရေးကြီးတဲ့ အဖွဲ့က ၃ ခုလို့ ကျနော်တို့ မြင် တယ်။ ကချင်ရယ်၊ ကရင်ရယ်၊ ရခိုင်ရယ်။ ဒီ ၃ ခုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်တယ်ဆိုရင် မြန်မာ ပြည်ရဲ့ လက်နက်ကိုင် နိုင်ငံရေးပဋိပက္ခက လမ်းကြောင်း တိုမယ်ပေါ့နော်။ ဖြေရှင်းနိုင်ဖို့ လွယ်ကူမယ်။ အဲဒီမှာ အဓိက ကျနေတာက စစ်ကိုင်းတိုင်း ပါဝင်နေတဲ့ KIO ပြောထားတာ ရှိတယ်လေ။ စစ်ကိုင်းတိုင်း ပါဝင်နေတဲ့ KIA/KIO ရဲ့ ဆောင်ရွက်ချက်တွေဟာ ဒီဟာကို အပြီးသတ်ဖို့အတွက် ပိုအရေးကြီးတယ်လို့ မြင်တယ်။ အဲဒီအခါကြတော့ လက်ရှိ အမျိုးသားလွှတ်တော် နေရာတွေမှာလည်း နိုင်ထားတယ်၊ နောက် တစ်ခုက အလှည့်ကျ အနေထားနဲ့ဆိုရင် အခု အလှည့်က ကချင်နဲ့ ရခိုင်အလှည့်က နီးစပ်တယ်ပေါ့။ နီးစပ်တော့ ဖြစ်နိုင်ခြေရှိတယ်၊ အရင် နစကမှာလည်း တာဝန်ထမ်းဆောင်ဖူးတဲ့ ကချင်အမျိုးသားတွေ၊ အမျိုးသမီးတွေကို ဒီလို ရွေးချယ်ခြင်းအားဖြင့် နောင်တစ်ချိန်မှာ ကချင်နဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရင် ဘာပဲပြောပြော ပိုမိုလွယ်ကူမယ်လို့ ယူဆပြီးတော့မှ ခန့်အပ်တာလည်း ဖြစ်နိုင်သလို တခြားအကြောင်း အချက်များလည်း ရှိမှာပေါ့။ အဲဒါတော့ ကျနော် မသိပါဘူး။ ဒါကတော့ လက်ရှိ တာဝန်ယူထားတဲ့ နိုင်ငံ တော် ခေါင်းဆောင်ပိုင်းတွေက စဉ်းစားချက်တွေ ကျနော်တို့က ခန့်မှန်းကြည့်တဲ့ သဘောပါပဲ။ ဒါပေမယ့် ကောင်းမွန်သော အရွေ့တစ်ခုလို့တော့ မြင်တယ်။ ဘာပဲပြောပြော အကျိုးရှိမယ်လို့တော့ ယူဆပါတယ်” ဟု ပြောသည်။

KIA-ABSDF-CNF အဖွဲ့တွေကို တွေ့ရစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ KIA၊ KNU နှင့် AA တို့သည် စစ်ရေးအရသာမက နိုင်ငံရေးအရပါ အရေးပါသည့် အချိုးအကွေ့ကြီး တစ်ခုကို ရောက်နေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
AA သည် ရခိုင်ပြည်နယ်၏ မြို့နယ်အများစုကို အလုံးစုံနီးပါး ထိန်းချုပ်ထားနိုင်ပြီး ပြည်နယ်မြို့တော် စစ်တွေနှင့် အရေးပါသည့် ကျောက်ဖြူ ဒေသတို့ကို ဝိုင်းပတ် ပိတ်ဆို့ထားလျက်ရှိကာ ၎င်းတို့၏ "ရက္ခိတ လမ်းစဉ်" အရ ကိုယ်ပိုင်အုပ်ချုပ်ရေး (Confederation) ကို လက်တွေ့ အကောင်အထည် ဖော်လျက်ရှိ သည်။
KIA သည် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ကို ထိန်းချုပ်၍ စစ်ရေး အကူအညီ ပေးမှုများကြောင့် တော်လှန်ရေး အင်အားစု များအကြား နိုင်ငံရေးအရ ဩဇာတိက္ကမ ကြီးမားလျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ဗန်းမောက်၊ ထီးချိုင့်၊ တမူး၊ ခမ်းပတ်၊ ဖောင်းပြင်၊ ရွှေပြည်အေး၊ မော်လိုက်၊ ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ အင်းတော် အပါအဝင် နာဂဒေသတို့ကို ထိန်းချုပ်နိုင်ရေးအတွက် PDF၊ KNA-Burma(ကူကီး)၊ နာဂလက်နက်ကိုင်များဖြစ်သော ENDA/ENNO နှင့် NPDF၊ ABSDF၊ AA၊ CNDF တို့ကို ချိတ်ဆက်ကာ အကောင်အထည်ဖော်လျက်ရှိသည်။
KNU သည် မြန်မာပြည်တောင်ပိုင်း၏ တော်လှန်ရေးဗဟိုချက် ဖြစ်နေကာ ကရင်ပြည်နယ် အတွင်းတင် မကဘဲ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အထိ စစ်ရေးနယ်မြေ ချဲ့ထွင်ထားလျက်ရှိသည်။

AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
ထို့ပြင် အာရှလမ်းမကြီးကဲ့သို့ အရေးပါသည့် ဆက်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသလို NUG ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်ကာ "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" ကို အကောင်အထည်ဖော်ရန် အပြင်းအထန် ကြိုးစားနေသည်ကို တွေ့ရသည်။
ထို ၃ ဖွဲ့သည် မူလဒေသ တိုင်းရင်းသားများ ဖြစ်သည့်အပြင် ကိုယ်ပိုင်လူထု၊ ကိုယ်ပိုင်နယ်မြေတို့ ရှိကြ သည့်အတွက် တိုင်းပြည် ငြိမ်းချမ်းရေး ဖော်ဆောင်မည်ဆိုပါက လက်တွေ့ ဖော်ဆောင်နိုင်သည့် အဖွဲ့များ ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက ပြောရရင်တော့ ကချင်၊ ကရင်တို့၊ ရခိုင်တို့က မူလဒေသ တိုင်းရင်းသားတွေဖြစ်တဲ့ အပြင် ကို လက်နက်ကိုင် တော်လှန်ရေးမှာ နှစ်ပေါင်းများစွာ လုပ်လာတဲ့ အဖွဲ့တွေဖြစ်တာကို။ အဲဒီလိုဖြစ်တဲ့ အဖွဲ့တွေ ဖြစ်တဲ့အတွက် သူတို့က လုပ်နိုင်ကိုင်နိုင်ရည်ရှိတယ်။ လူထု ကျောထောက် နောက်ခံရှိတယ်။ ကိုယ်ပိုင်နယ်မြေ ရှိတယ်ပေါ့ဗျာ။ အဲဒီ အချက်အလက်တွေက အားကောင်းတဲ့ အချက်တွေပေါ့။ အဲဒီ ကိုယ်ပိုင်နယ်မြေရှိတဲ့အတွက် သူ့ကိုယ်ပိုင် လူထုရှိတဲ့အတွက် တိုင်းပြည်မှာ ငြိမ်းချမ်းရေးဖော်ဆောင် မယ်ဆိုရင် လက်တွေ့ဖော်ဆောင်နိုင်တဲ့ အဖွဲ့တွေဖြစ်တာပေါ့။ အခု ကျန်နေတဲ့ လက်နက်ကိုင် အထက် လူတွေက အနိမ့်ဆုံးအဆင့်ပေါ့။ နိုင်ငံရေးဆွေးနွေးမှု မစနိုင်ရင်တောင်မှ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဘောင်ထဲ ပြန်ရောက်လာတယ်ဆိုရင် နည်းနည်းတော့ ငြိမ်သွားတာပေါ့။ ပြီးတော့မှ စကားပြောပွဲတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်ပေါ့။ အဲဒီ အခြေအနေမျိုးက တစ်ခုရှိပါတယ်။ အဲဒါလည်းပဲ ဒီအစိုးရသစ်နဲ့ လွှတ်တော်အသစ်ကတော့ စလုပ်လိမ့်မယ်လို့တော့ အားလုံးက မျှော်လင့်ထားတာပေါ့ လေ” ဟု ပြောသည်။
ကချင်ဒေသည် တရုတ်နယ်စပ် ကုန်သွယ်ရေး၊ မြေရှားသတ္တု တင်ပို့မှုနှင့် အခြားသော သယံဇာတ တူးဖော်မှုများရှိပြီး ရခိုင်ဒေသသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်ရေး၊ အိန္ဒိယ၏ ကုလားတန် စီမံကိန်းတို့ရှိသည်။
ထို့နောက် ကရင်ပြည်နယ်သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက သွေးကြောဖြစ်သည်။
