CNI International News

နယူးဒေလီ၊ မတ်လ ၂၅

ရေနံကုန်သည်များသည် အီရန်၏ရေနံများကို ICE Brent ၏ စံသတ်မှတ် ဈေးနှုန်းထက် ပိုမိုများပြားသည့် စျေးဖြင့် ရောင်းချမည်ဟု အိန္ဒိယရေနံချက်စက်ရုံများထံ ကမ်းလှမ်းလာကြောင်း စက်မှုလုပ်ငန်းရှင် သတင်းရင်းမြစ် သုံးဦး က ပြောကြားခဲ့သည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပေါ်ပေါက်လာသည့် စွမ်းအင် အကျပ်အတည်း ကို ပြေလျော့စေရန် အမေရိကန်က ပိတ်ဆို့ အရေးယူမှုများအား ယာယီဖယ်ရှား ပေးခဲ့ပြီးနောက် ရေနံကုန်သည် များက အီရန်ရေနံများကို အိန္ဒိယရေနံစက်ရုံများထံ စျေးတင်ရောင်းချရန် ကမ်းလှမ်းလာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူဖြစ်သည့် အိန္ဒိယသည် အီရန်ထံမှ ရေနံများကို မဝယ်ရန် အမေရိကန်၏ ဖိအားပေးခြင်း ခံခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ်၊ မေလကတည်းက အီရန်ထံမှ ရေနံတင်သင်္ဘော တစ်စင်းကိုမှ လက်ခံ ခဲ့ခြင်းမရှိပေ။

သို့သော် ယခုအခါတွင် အီရန်စစ်ပွဲသည် စတုတ္ထပတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားမှ တဆင့် စွမ်းအင်တင်ပို့မှုများ ပြတ်တောက်သွားခြင်းကြောင့် အိန္ဒိယနိုင်ငံကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

လက်ရှိတွင် အိန္ဒိယ ရေနံချက်စက်ရုံများသည် ပထဝီဝင် အနေအထားအရ အိန္ဒိယနှင့် နီးကပ်သော အီရန်နိုင်ငံထံမှ ရေနံနှင့် LPG ဓာတ်ငွေ့ရည်များကို တစ်လအတွင်း အရှိန်အဟုန်မြှင့် ဝယ်ယူရန် ပြင်ဆင်နေကြကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။

အီရန် ရေနံကို သရုပ်ဖော်ပြထားစဉ်

အမေရိကန်သည် ရေနံစျေးနှုန်း အဆမတန် မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ရုရှားရေနံများအပေါ် ပိတ်ဆို့မှု များအား ဖယ်ရှားပေးခဲ့ပြီးနောက် အိန္ဒိယသည် ရုရှားထံမှ သန်းနှင့်ချီသည့် ရေနံစည်များကို ဝယ်ယူထားပြီး ဖြစ်သည်။

ရေနံရှားပါးမှုအပြင် အိန္ဒိယသည် မီးဖိုချောင်သုံး LPG ဓာတ်ငွေ့ ပြတ်လပ်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

ကုန်သည်များနှင့် အီရန်အမျိုးသားရေနံကုမ္ပဏီ (NIOC) တို့သည် ငွေပေးချေမှုကို ဒေါ်လာဖြင့် ရရှိရန် ကြိုးပမ်းနေ သော်လည်း အချို့အဖွဲ့အစည်းများသည် အိန္ဒိယ ရူပီးငွေဖြင့် ပေးချေမှုကိုသာ လက်ခံရန် ဆန္ဒရှိကြောင်း အမည် မဖော်လိုသည့် သတင်းရင်းမြစ်များက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ ဖြစ်ပေါ်နေသော စွမ်းအင် အကျပ်အတည်းသည် ၁၉၇၀ ပြည့်လွန်နှစ်များက  ဖြစ်ပွားခဲ့သည့် ရေနံ အကျပ် အတည်း နှစ်ခု ပေါင်းထက်ပင် ပိုမိုဆိုးရွားနေကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဖာတစ်ဘီရောလ် (Fatih Birol) က မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ