CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃ 

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ်လ ၇ ရက်မှ စတင်ကာ ပုဂ္ဂလိကပိုင်ယာဉ်များအနေဖြင့် လစဥ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် “မ”အက္ခရာ နံပါတ်ပါယာဥ်များ မောင်းနှင်အသုံးပြုကြရန် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့က ယနေ့(မတ်လ ၃ ရက်)တွင် အသိပေးကြေညာ ချက် ထုတ်ပြန်သည်။

လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသ အတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီ တင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတား အဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုအခြေအနေများကြောင့် စက်သုံးဆီ ခြိုးခြံချွေတာ ရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်ကာ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ နှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ် ကြောင်း ဖော်ပြထားသည်။

၎င်း စည်းကမ်း သတ်မှတ်ချက်များမှာ လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- 4A/---စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်သည်။

သို့သော် ထိုကန့်သတ်ချက်တွင် EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များမပါဘဲ EV မော်တော် ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင် ကြောင်း သိရသည်။

ထို့ပြင် နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီ သယ်ယူ ပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်သုံးဆီ လုပ်ငန်းရှင်များသာမက အများပြည်သူ အနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်း မြှင့်တင်၍ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် ဖြစ် ကြောင်းနှင့် သို့ဖြစ်၍ အထက်ပါ စည်းကမ်း သတ်မှတ်ချက် များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့် အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါ စည်းကမ်း သတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။