CNI International News

တိုကျို၊ ဧပြီ ၈

အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများမှာ  ပြင်းထန်စွာ သက်ရောက်နေကြောင်း Nikkei Asia မှ ဖော်ပြထားသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဂျပန်နိုင်ငံ၏ အဓိက အားထားရာ အရှေ့အလယ်ပိုင်းမှ ရေနံတင်သွင်းမှု လမ်းကြောင်းမှာ အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရသည်။

လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် လျှပ်စစ်ဓာတ်အားခနှင့် တင်သွင်းရသည့် အခြေခံ စားသောက်ကုန် များမှာလည်း သိသိသာသာ ဈေးနှုန်း မြင့်တက်လာခဲ့သည်။

ဂျပန်နိုင်ငံရှိ ရိုးရာအများသုံး ရေချိုးခန်း (Sento) များသည် ရေပူများ ထောက်ပံ့ပေးရန် ကုန်ကျစရိတ် မြင့်မား လာခြင်းကြောင့် ဝန်ဆောင်ခများကို တိုးမြှင့်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ယန်းငွေတန်ဖိုး ကျဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် ပေါင်မုန့်၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများမှာ စံချိန်တင် ဈေးနှုန်းများသို့ ရောက်ရှိနေသည်။

ဂျပန်နိုင်ငံသားများကို တွေ့ရစဉ်

ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ ကျော်အထိ မြင့်တက်သွားခြင်းက ဂျပန်စွမ်းအင် ကုမ္ပဏီများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

ဂျပန်အစိုးရသည် ပြည်သူများကို စွမ်းအင်ချွေတာ သုံးစွဲကြရန် တိုက်တွန်းထားရသည့်အပြင် အရေးပေါ် သိုလှောင်ထားသည့် အရန်ရေနံများကိုလည်း စတင်ထုတ်သုံးနေရပြီ ဖြစ်သည်။

တိုကျိုစတော့ အိတ်ချိန်း ဈေးကွက်တွင်လည်း Nikkei 225 အညွှန်းကိန်းများ သိသိသာသာ ကျဆင်းနေပြီး ရင်းနှီးမြှုပ်နှံသူများကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

သင်္ဘောလိုင်းများ လမ်းကြောင်း ပြောင်းရခြင်းကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာကာ ကုန်ထုတ်လုပ်မှုကဏ္ဍ တွင်လည်း အခက်အခဲများ ကြုံတွေ့နေရသည်။

ထို့ကြောင့် အီရန်စစ်ပွဲ ကြာရှည်လာသည်နှင့်အမျှ ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး တုံ့ဆိုင်းမှုဒဏ်ကို တစ်ပြိုင်နက်တည်း ခံစားရနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

Source: Nikkei Asia