CNI International News
ဘန်ကောက်၊ မတ်လ ၁၀
အရှေ့အလယ်ပိုင်းပဋိပက္ခ ပြင်းထန်လာမှုကြောင့် Brent ရေနံစိမ်းဈေးနှုန်းသည် ဒေါ်လာ ၁၂၀ နီးပါးသို့ ရောက်ရှိ လာချိန်တွင် စက်မှုထိပ်သီး ၇ နိုင်ငံ(G7) ဘဏ္ဍာရေးဝန်ကြီးများက အရန်ရေနံသို လှောင်မှုများကို ထုတ်ယူသုံးစွဲ ရန် အရေးပေါ် ဆွေးနွေးပွဲ ကျင်းပနေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်စေရန်အတွက် မဟာဗျူဟာမြောက် အရန်ရေနံ သိုလှောင်မှုများထဲမှ ထုတ်ယူ သုံးစွဲမည့် အလားအလာကို ဆွေးနွေးရန် စက်မှုထိပ်သီး ၇ နိုင်ငံ (G7) မှ ဘဏ္ဍာရေးဝန်ကြီးများသည် မတ်လ ၉ ရက်က အရေးပေါ်ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပနေပြီဖြစ်သည်။
အရှေ့အလယ်ပိုင်းတွင် အရှိန်မြင့်လာသော ပဋိပက္ခများကြောင့် မြင့်တက်နေသည့် ကမ္ဘာ့ရေနံ ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန် နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) မှတဆင့် စနစ်တကျ ပူးပေါင်းထုတ်ယူသွားမည့် အစီအစဉ် အား လုပ်ဆောင်နိုင်ခြေရှိသည်ဟု Financial Times သတင်းစာက ဖော်ပြခဲ့သည်။
ထိုအဆိုပြုချက်အပေါ် အမေရိကန် အပါအဝင် G7 အဖွဲ့ဝင် ၃ နိုင်ငံက ထောက်ခံကြောင်း ဖော်ပြထားသော်လည်း ကျန် ၂ နိုင်ငံ၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ရေနံစိမ်း သိုလှောင်ထားစဉ်
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံစိမ်းဈေးနှုန်းများ အဆမတန် မြင့်တက် လာပြီးနောက် ကမ္ဘာ့စွမ်းအင် လိုအပ်ချက် အကျပ်အတည်းကို လျှော့ချရန်အတွက် နိုင်ငံအချို့က ၎င်းတို့၏ ရေနံ အရန် သိုလှောင်မှုများကို အသုံးပြုရန် စဉ်းစားလာချိန်တွင် G7 အဖွဲ့၏ အရေးပေါ် ဆွေးနွေးမှုများ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
မတ်လ ၉ ရက်တွင် ရေနံဈေးနှုန်းများသည် ၂၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
Brent ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၁၁၉ ဒသမ ၅၀ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး West Texas Intermediate (WTI) ရေနံဈေးသည်လည်း တစ်စည်လျှင် ၁၁၉ ဒသမ ၄၈ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ ရာခိုင်နှုန်း နှင့် ဈေးနှုန်းအရ တစ်ရက်အတွင်း အကြီးမားဆုံး မြင့်တက်မှုများထဲတွင် ပါဝင်ခဲ့သည်။
Source: The Nation
