CNI International News

ဘန်ကောက်၊ မတ်လ ၁၈

အီရန်စစ်ပွဲကြောင့် စွမ်းအင်လိုအပ်ချက်များ ကြုံတွေ့လာနေသည်ကို ဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံသည် ရုရှားထံမှ ရေနံများ ဝယ်ယူရန် စဉ်းစားနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံသည် ထိုင်းနိုင်ငံသို့ ရေနံစိမ်းများရောင်းချရန် အသင့်ရှိကြောင်း ပြောကြားထားပြီး ထိုင်းအစိုးရသည် ရေနံထုတ်လုပ်သည့် အခြားနိုင်ငံများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) က မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ဘရာဇီးလ်၊ နိုက်ဂျီးရီးယားနှင့် ခါဇက်စတန်နိုင်ငံများ အပါအဝင် စစ်ပွဲဖြစ်ပွားနေသည့် အရှေ့ အလယ်ပိုင်း ပြင်ပရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများနှင့် ဆွေးနွေးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

သီဟဆက်သည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့တော်တွင် ပြုလုပ်နေသည့် ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှု တိုက်ဖျက်ရေး ညီလာခံကို တက်ရောက်နေချိန်တွင် သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကို တွေ့ရစဉ်

ထိုင်းနိုင်ငံတွင် နောက်ထပ် ရက်ပေါင်း ၉၅ ရက်မှ ရက်ပေါင်း ၁၀၀ စာအတွက် လုံလောက်သည့် အရံရေနံ အင်အား ရှိသည်ဟု သီဟဆက်က ဆိုသည်။

သို့သော် ရေနံများ ထုတ်လုပ်နေသည့် အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခ ဖြစ်ပွားနေသဖြင့် လောင်စာ ထောက်ပံ့ပေး နိုင်မည့် အခြား အရင်းအမြစ်များကို ရှာဖွေနေရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

အမေရိကန်က ရုရှားထံမှ ရေနံများ ဝယ်ယူမှုနှင့်ပတ်သက်ပြီး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့သဖြင့် ထိုင်းသည် ရုရှားနှင့် ဆွေးနွေးနေပြီး ရုရှားကလည်း ထိုင်းကို ရေနံများ ရောင်းချလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ရေနံများ ဝယ်ယူရေးနှင့်ပတ်သက်ပြီး အသေးစိတ် ညှိနှိုင်းမှုများကိုမူ စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီဟဆက်က ပြောသည်။

ထိုင်းစွမ်းအင်လိုအပ်ချက်ကို သရုပ်ပြထားစဉ်

သီဟဆက်သည် ရုရှား၏ ရေနံစိမ်း ဝယ်ယူရေးကိစ္စကို ဥရောပတွင် မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် ညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဖီဖက် ရတ်ချာကစ်ပရာကန် (Phiphat Ratchakitprakarn) ကလည်း သတင်းထောက်များကို မတ်လ ၁၇ ရက် တွင် ပြောကြားခဲ့သည်။

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အနီးတွင် အီရန်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် ဘန်ကောက် အခြေ စိုက် မယုရီ နာရီ(Mayuree Naree) ကုန်တင်သင်္ဘောပေါ်တွင် ပိတ်မိနေဆဲဖြစ်သော ထိုင်းသင်္ဘောသား ၃ ဦးကို ကူညီပေးရေးနှင့် ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့် ဆက်သွယ်ကာ ကူညီကယ်ဆယ်ရေး ကိစ္စများကို ညှိနှိုင်းခဲ့ကြောင်း သီဟဆက်က ဆိုသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ထိုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အခြေအနေအရ ရေကြောင်း ခရီးသွားလာမှုများကို ရပ်တန့်ထားသင့်သည့် အခြေအနေမျိုးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်ဟု သီဟဆက်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်