CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁
အိုင်ဗရီကို့စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲမှာ နော်ဝေအသင်းအတွက် တိုက်စစ်မှူးဟာလန်းက အနိုင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် နည်းပြဆိုလ်ဘာကန်က ဂိုးတွေ သွင်းယူတဲ့နေရာမှာ သူ့ရဲ့ တိုက်စစ်မှူးထက် ပိုကောင်းတဲ့သူ မရှိဘူးလို့ ပြောခဲ့ပါတယ်။
နော်ဝေအသင်းနည်းပြ ဆိုလ်ဘာကန်က “ဟာလန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသွင်းတဲ့သူဖြစ်ပြီး ဒါကို လုံးဝ သံသယဖြစ်စရာ မရှိပါဘူး။ သူဟာ ဒီပွဲမှာ ပါဝင်မှု သိပ်မရှိခဲ့ပေမယ့် အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ ပါတယ်။ နော်ဝေလို နိုင်ငံငယ်လေးအတွက် ကမ္ဘာ့ဖလား ၃ ပွဲမှာ ၅ ဂိုး သွင်းယူနိုင်တယ်ဆိုတာ အံ့အားသင့် စရာ ပါပဲ။ ဒါကြောင့် သူ့ကို အသိအမှတ်ပြုရမှာပါ။ ပြီးတော့ သူ့ကို ဘယ်သူ့နဲ့မှ မလဲလှယ်နိုင်ပါဘူး”လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဟာလန်းဟာ နော်ဝေအသင်းအတွက် ပြိုင်ပွဲတွေမှာ ၁၃ ပွဲဆက်တိုက် ဂိုးသွင်းယူထားပြီး ဒီပွဲတွေမှာ သူ့ရဲ့ သွင်းဂိုးက ၂၅ ဂိုးအထိ ရှိခဲ့ပါတယ်။

နော်ဝေအသင်း ယှဉ်ပြိုင်နေစဉ်
ဒါ့အပြင် ဟာလန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး သူ့ရဲ့အထက်မှာ ဂိုးသွင်း အများဆုံး အဖြစ် အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီနဲ့ ပြင်သစ်အသင်း ခေါင်းဆောင် ဘာပေတို့က ၆ ဂိုးစီနဲ့ ရပ်တည်နေတာပါ။
ဟာလန်းကတော့ သူဟာ ဒီပွဲမှာ အလွန်ပင်ပန်းနေတဲ့အတွက် အချိန်ပိုအထိ မသွားချင်တော့တာကြောင့် အနိုင်ဂိုး သွင်းရမယ်ဆိုပြီး တွေးခဲ့တယ်လို့ နော်ဝေရုပ်သံ TV2 နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
နော်ဝေအသင်းဟာ ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
နော်ဝေအသင်းနည်းပြ ဆိုလ်ဘာကန်က ဘရာဇီးလ်အသင်းဟာ ဒီပွဲမှာ ရေပန်းစားတဲ့ အသင်းဖြစ်တယ်ဆိုတာ သိပေမယ့် နောက်မှ ဘရာဇီးလ်အသင်းနဲ့ ပတ်သက်ပြီး ပြောမယ်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေသွား ခဲ့ပါတယ်။
Source: ESPN
