CNI International News

နယူးဒေလီ၊ မတ်လ ၁၈

မြန်မာနိုင်ငံဘက်ခြမ်းရှိ အိန္ဒိယကို ဆန့်ကျင် တိုက်ခိုက်နေသည့် လက်နက်ကိုင်သူပုန်များဖြင့် ဆက်စပ်သူ နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)က ဖမ်းဆီးခဲ့ကြောင်း The Indian Express မှ ဖော်ပြခဲ့သည်။

အိန္ဒိယကို ဆန့်ကျင်သည့် အကြမ်းဖက် လှုပ်ရှားမှုများ ပြုလုပ်ရန် ပူးပေါင်းကြံစည်မှု စွဲချက်များဖြင့် ယူကရိန်း နိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးကို NIA က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က NIA ၏ လက်အောက်ခံ အဖွဲ့ခွဲများ၏ ပူးပေါင်း စစ်ဆင်ရေးဖြင့် တရားမဝင် လှုပ်ရှား မှုများ တားဆီးရေးအက်ဥပဒေ(UAPA)၏ အပိုဒ်ခွဲ ၁၈ နှင့် အခြား ဥပဒေအပိုဒ်ခွဲများအရ ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုအမှုအတွက် ပထမ သတင်းပေး တိုင်ကြားချက် (FIR) ကို မတ်လ ၁၃ ရက် ညနေပိုင်းတွင် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသားကို ကိုးလ်ကတ္တား (Kolkata) လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ လပ်ခနောင်း (Lucknow) နှင့် ဒေလီ (Delhi) လေဆိပ်များတွင် ယူကရိန်းနိုင်ငံသား ၃ ဦးစီကို အသီးသီး ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

 အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)ကို တွေ့ရစဉ်

သံသယရှိသူများသည် အိန္ဒိယနိုင်ငံအတွင်းသို့ တရားဝင် ဗီဇာများဖြင့် ဝင်ရောက် လာခဲ့ကြသော်လည်း ကန့်သတ် နယ်မြေအတွင်း ဝင်ရောက်ခွင့်လက်မှတ် (RAP) မရှိဘဲ မီဇိုရမ် (Mizoram) ပြည်နယ်သို့ ဆက်လက် သွားရောက် ခဲ့ကြသည်။

ထို့နောက် သံသယရှိသူများသည် မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပြီး အိန္ဒိယအစိုးရကို ရန်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြသည်။

ထို့ပြင် ဥရောပမှ ပေးပို့လိုက်သော ဒရုန်း အများအပြားကို သံသယရှိသူများက မီဇိုရမ်ပြည်နယ်အတွင်းသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ ဖော်ထုတ်သိရှိခဲ့ကြောင်း ထိုသတင်းရင်းမြစ်က ပြောကြားခဲ့ သည်။

သံသယရှိသူများကို ဒေလီမြို့သို့ ခေါ်ဆောင်လာခဲ့ပြီး မတ်လ ၁၄ တွင် ရုံးထုတ်ခဲ့ချိန်၌ တရားရုံးက သံသယရှိ သူများကို ၃ ရက်ကြာ ချုပ်မိန့်ပေးခဲ့သည်။

မတ်လ ၁၆ ရက်တွင် ချုပ်မိန့်ကာလကို မတ်လ ၂၇ ရက်နေ့အထိ ၁၁ ရက်ကြာ ထပ်မံတိုးမြှင့်ခဲ့သည်။

 အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)ကို တွေ့ရစဉ်

သံသယရှိသူများသည် အကြမ်းဖက် တိုက်ခိုက်မှုများကို ပူးပေါင်းကြံစည်နေပြီး ၎င်းတို့၏ လှုပ်ရှားမှုများကြောင့် နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်ထားခဲ့ကြောင်း NIA က ပြောကြားခဲ့သည်။

သံသယရှိသူများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အသုံးပြုရန်အတွက် ဥရောပမှ ဒရုန်း အများအပြား ကို အိန္ဒိယမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် တင်သွင်းရာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း NIA က ထုတ်ပြန်ခဲ့သည်။

ထိုလက်နက်ကိုင် အဖွဲ့များသည် အိန္ဒိယအစိုးရက ပိတ်ပင်ထားသော သောင်းကျန်းသူ အုပ်စုများစာရင်းတွင် ပါဝင် သည့် အဖွဲ့များကို လက်နက်များနှင့် အခြား အကြမ်းဖက် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ စစ် သင်တန်း ပေးခြင်းတို့ဖြင့် ကူညီပံ့ပိုးပေးနေသည်ဟုလည်း NIA က စွပ်စွဲထားသည်။

လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သော အမည်မသိ ကြံရာပါများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ လက်ရှိ ဖမ်းဆီးရမိထားသည့် သံသယရှိသူများ၏ လူမှုမီဒီယာအကောင့်များကို နည်းပညာအရ စုံစမ်းစစ်ဆေးပြီး လွတ်မြောက်နေဆဲဖြစ်သည့် ကြံရာပါများကို ဖမ်းဆီးရမိလိမ့်မည်ဟု ယူဆထားကြောင်းလည်း NIA က ပြောကြား ခဲ့သည်။

Source: The Indian Express