CNI International News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂

အိန္ဒိယနှင့် မြန်မာကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် စစ်တပ်အချင်းချင်း ဆက်ဆံရေးများကို တိုးမြှင့်ရေးတွင် နည်းလမ်းများကို ရှာဖွေရန် အိန္ဒိယကြည်းတပ်၏ စစ်ဦးစီးချုပ် Upendra Dwivedi နှင့် မြန်မာ့ တပ်မတော်၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးတို့ တွေ့ဆုံခဲ့ကြသည်ဟု The Tribune India သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ဖြစ်သည်။

၎င်းတို့ နှစ်ဦးကြား ဆွေးနွေးမှုများသည် မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးမြှင့်ရေး၊ ပူးတွဲစစ်ရေး လေ့ကျင့် မှုကို ချဲ့ထွင်ရေး၊ ဒေသတွင်းတွင် လက်ရှိ ပထဝီမဟာဗျူဟာ အခင်းအကျင်းကို စိစစ်သုံးသပ်ရေးတို့ကို အာရုံစိုက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံကြား မျှဝေထမ်းဆောင်မည့် သန္နိဋ္ဌာန်ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြသည်ဟု ဆိုသည်။

“မြန်မာ့တပ်မတော်ရဲ့ အမှတ် (၁)  စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုဦးနဲ့ ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့တွေဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ၊ စစ်တပ်အချင်းချင်း ဆက်ဆံရေးကို ချဲ့ထွင်ဖို့နဲ့ ဒေသတွင်း လက်ရှိ ပထဝီမဟာဗျူဟာ အခင်းအကျင်းကို သုံးသပ်ဖို့ အဓိက ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြန်အလှန်ထားရှိတဲ့ သန္နိဋ္ဌာန်တွေကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်”ဟု အိန္ဒိယကြည်းတပ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

စက်တင်ဘာ ၉ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်၌ ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ စစ်တပ်အရာရှိများ ဆွေးနွေးမှုများအပြီးတွင် ယခုအစည်းအဝေး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံစစ်တပ်ကြား ဘုံရည် မှန်းချက် တစ်ခုအတွက် သတင်းအချက်အလက်များ ဖလှယ်မှုကို တိုးမြှင့်ရေး၊ ကာကွယ်ရေး ဆက်ဆံမှုများကို မြှင့်တင်ရေး၊ ကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်း လုံခြုံရေးကို ရည်ရွယ်ပြီး အိန္ဒိယ-မြန်မာ ဆက်ဆံရေးအား ခိုင်မာစွာ မြှင့်တင်ရန် ဆက်လက်ပြီး အားထုတ်ကြိုးပမ်းသွားမည်ဟု သဘောတူခဲ့ကြသည်။

ဩဂုတ် ၂၂ ရက်ကလည်း အိန္ဒိယဗိုလ်ချုပ်ကြီး Upendra Dwivedi သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး   Abhay Thakur နှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အိန္ဒိယစစ်ဦးစီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် (မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။

ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။

Source: The Tribune India