CNI International News

ဂျေရုဆလင်၊ စက်တင်ဘာ ၁၃

ပါလက်စတိုင်းနိုင်ငံ ရှိလာလိမ့်မည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

နေတန်ယာဟုသည် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ (West Bank) ရှိ Maale Adumim ဂျူးလူနေ ရပ်ကွက်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အနောက်ဘက်ကမ်းဒေသတွင် ဂျူးရပ်ကွက်များကို ချဲ့ထွင်မည့် အငြင်းပွားဖွယ် အစီအစဉ်များ၏ တစ်စိတ် တစ်ပိုင်း အနေဖြင့် ထောင်နှင့်ချီသည့် လူနေအိမ်များကို ဆောက်လုပ်ရန် အဆိုပြုချက်အား နေတန်ယာဟုက တရားဝင် လက်မှတ်ရေးထိုးခဲ့သည်။

"ပါလက်စတိုင်း နိုင်ငံရှိလာမှာ မဟုတ်ဘူးဆိုတဲ့ ကျနော်တို့ရဲ့ ကတိစကားကို ကျနော်တို့ ဖြည့်ဆည်းနေပါတယ်။ ဒီနေရာကို ကျနော်တို့ ပိုင်တာပါ။ ကျနော်တို့ရဲ့ အမွေအနှစ်တွေ၊ ကျနော်တို့ရဲ့ မြေနဲ့ ကျနော်တို့ရဲ့ လုံခြုံရေးကို ကာကွယ်သွားမှာပါ" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ပါလက်စတိုင်းနယ်မြေကို ပြသထားစဉ်

အစ္စရေး၏ ဂျူးရပ်ကွက် ထူထောင်မှု အစီအစဉ်တွင် ၁၂ စတုရန်း ကီလိုမီတာ အကျယ်ရှိ မြေနေရာ၌ လူနေအိမ် အသစ် ၃၄၀၀ ခန့်ကို တည်ဆောက်သွားမည်ဖြစ်သည်။

ထိုရပ်ကွက်သည် အနောက်ဘက်ကမ်းဒေသကို ဖြတ်ပြီး တည်ဆောက်မည်ဖြစ်ကာ အနောက်ဘက်ကမ်းဒေသနှင့် အရှေ့ဂျေရုဆလင်နှင့် အဆက်ဖြတ်ထားမည်ဖြစ်သည်။

ပါလက်စတိုင်းများကမူ အရှေ့ဂျေရုဆလင်ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ထား သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အစ္စရေးနှင့် ပါလက်စတိုင်း ၂ နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးမူကို ထောက်ခံ ထားသည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ်က အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ခဲ့ပြီးနောက် ဂျူးရပ်ကွက်များ ထူထောင်ခဲ့ ပြီး ထိုကဲ့သို့ ဂျူးရပ်ကွက်များ ထူထောင်မှုသည် နိုင်ငံတကာဥပဒေအရ တရားမဝင်ကြောင်း သတင်းတွင် ဖော်ပြခဲ့ သည်။

Source: DW