CNI International News

တဲလ်အဗစ်၊ နိုဝင်ဘာ ၂၁

ဂါဇာတွင် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများအနက် ဓားစာခံတစ်ဦး လွတ်မြောက်တိုင်း ဒေါ်လာ ၅ သန်း ပေးမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ဆုကြေးငွေ ကြေညာခဲ့ ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုဓားစာခံများ ဂါဇာမှ လွတ်မြောက်အောင် ကူညီပေးသူကိုလည်း ဒေါ်လာ ၅ သန်း ပေးမည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

နေတန်ယာဟုသည် နိုဝင်ဘာ ၁၉ ရက်က ဂါဇာဒေသသို့ ယာယီသွားရောက်သည့် ခရီးစဉ်အတွင်း ထိုဆုကြေးငွေ ကို ကြေညာခဲ့ခြင်းဖြစ်သည်။

"ဒီအရှုပ်အထွေးတွေထဲကနေ ထွက်သွားချင်တဲ့ လူတွေကို ကျနော် ပြောပါမယ်။ ကျနော်တို့ဆီကို ဓားစာခံ တစ်ယောက် ခေါ်လာပေးတဲ့ ဘယ်သူမဆို၊ သူနဲ့ သူ့မိသားစုအတွက် ဘေးကင်းစွာ ထွက်ခွာနိုင်မယ့် လမ်းကြောင်း ကို ကျနော်တို့ ရှာပေးသွားမှာပါ။ ဓားစာခံတစ်ယောက် ခေါ်လာပေးရင် ဒေါ်လာ ၅ သန်းစီ ချီးမြှင့်သွားမှာပါ" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

နေတန်ယာဟုကို ဆန္ဒပြနေကြစဉ်

"ဒါက သင်တို့ရဲ့ ရွေးချယ်မှုပါပဲ။ ဒါပေမယ့် ရလဒ်ကတော့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ဟာ သူတို့ (ဓားစာခံ) အားလုံးကို ပြန်ခေါ်သွားမှာပါ" ဟု ၎င်းက ပြောသည်။

ဂါဇာဒေသတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံ ၁၀၁ ဦးခန့်ရှိကြောင်း အစ္စရေးက ခန့်မှန်းခဲ့ပြီး ၎င်းတို့အနက် ၃ ပုံ ၁ ပုံသည် သေဆုံးသွားပြီဟု ယူဆထားကြသည်။

ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံများ၏ မိသားစုများနှင့် ထိုမိသားစုများကို ထောက်ခံသူများက ဆန္ဒပြမှု များ ဆက်လက် ပြုလုပ်နေသည်။

ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရန်၊ ဓားစာခံများ ပြန်လည်လွတ်မြောက်ရန် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွား နေချိန်တွင် နေတန်ယာဟု၏ ဆုကြေးငွေ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတန်ယာဟုကမူ ဓားစာခံအားလုံး လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်ရေးဖြင့်သာ လုပ်ဆောင် နိုင်ကြောင်း၊ အစ္စရေးအနေဖြင့် မိမိတို့၏ ရည်မှန်းချက်များ မပြည့်မချင်း ဂါဇာတွင် စစ်ပွဲဆင်နွှဲသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား