CNI International News

ဂျေရုဆလင်၊ ဇန်နဝါရီ ၉

အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ပြုလုပ်နေသည့် စစ်ဆင်ရေးကို အလုံးစုံ အဆုံးသတ် ပေးရမည်ဖြစ် ကြောင်း ဟားမာ့စ်အဖွဲ့က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေးနှင့်ဟားမာ့စ်အကြား ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် မည်သည့် သဘောတူညီချက်ကို ပြုလုပ်မည်ဖြစ်စေ ထိုးစစ်အား ရပ်တန့်ရမည်ဟု ဟားမာ့စ်က တောင်းဆိုခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ ဂါဇာစစ်ပွဲ အဆုံးမသတ်ပါက ငရဲကဲ့သို့ ပေးဆပ်ရမည်ဟု ပြောကြားခဲ့သည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပြောကြားချက်သည် အလောတကြီးနိုင်ကြောင်း ဟားမာ့စ်အဖွဲ့က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့မှ တာဝန်ရှိသူများသည် ကာတာနှင့် အီဂျစ်၏ ကြားဝင်စေ့စပ်သူများနှင့် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် လပေါင်းများစွာကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးပေ။

သက်တမ်းကုန်တော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည် ၎င်းတို့ မထွက်ခွာ ခင်တွင် ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။

စစ်ပွဲရပ်တန့်ရေး တောင်းဆိုနေစဉ်

သို့သော်လည်း အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့၏ တာဝန်ရှိသူများက ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါရှိသည့် သတ်မှတ်ချက်များကို သဘောမတူခဲ့သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ၁ နှစ်ကျော် ကြာမြင့်ခဲ့ သည်။

အစ္စရေးအနေဖြင့် ဂါဇာမှ စစ်သားများကို ပြန်လည်ရုပ်သိမ်းပြီး စစ်ပွဲကို အဆုံးသတ်ရန် သဘောတူမည်ဆိုပါက ဟားမာ့စ်အဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံများအား ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

အစ္စရေးကမူ ဟားမာ့စ်အဖွဲ့ကို အမြစ်ဖြတ်ချေမှုန်းပြီး ဓားစာခံများ ပြန်မလွတ်လာခင် အချိန်အထိ စစ်ပွဲကို အဆုံးသတ်မည် မဟုတ်ကြောင်း ပြောကြားထားသည်။

"ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဟားမာ့စ်အဖွဲ့က တစ်ခုတည်းသော အတားအဆီး ဖြစ်နေပါ တယ်" ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အီဒင် ဘာတယ်လ် (Eden Bar Tal) က ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အိုစမာ ဟမ်ဒန် (Osama Hamdan) ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အားထုတ်ကြိုးပမ်းမှုများ မအောင်မြင်ရခြင်းသည် အစ္စရေးကြောင့်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

Source: ရိုက်တာ