CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၉

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်း (Panama Canal) နှင့် ဂရင်းလန်း (Greenland) ကျွန်းတို့ကို အမေရိကန်၏ လက်အောက်သို့ သွတ်သွင်းမည့် ရည်မှန်းချက်ကို စွန့်လွှတ်ခြင်း မရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပနားမားတူးမြောင်းနှင့် ဂရင်းလန်းကျွန်းတို့ကို အမေရိကန်က ပိုင်ဆိုင်ခွင့် ရရှိစေရန်အတွက် စစ်ရေး သို့မဟုတ် စီးပွားရေးအရ အရေးယူ ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း စွန့်လွှတ်ရန် ထရမ့်က ငြင်းဆိုခဲ့သည်။

ထိုနယ်နိမိတ်များကို အမေရိကန်က ပိုင်ဆိုင်ရေးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲအကြို ထရမ့်၏ မဲဆွယ် ကတိကဝတ်များတွင် ပါဝင်ခဲ့သည်။

ကနေဒါနိုင်ငံကို အမေရိကန်၏ ပြည်နယ်တစ်ခုအဖြစ် ပြောင်းလဲလိုသည့် ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

ထရမ့်က မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲသွားမည်ဟု ကတိပြုခဲ့ပြီး နေတိုးမဟာမိတ်များအား ကာကွယ်ရေး အသုံးစရိတ်များ မြှင့်တင်ရန် တောင်းဆိုသွားမည်ဟုလည်း ပြောကြားခဲ့ သည်။

ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင်ကို တွေ့ရစဉ်

ဖလော်ရီဒါ (Florida)ရှိ ထရမ့်၏ စံအိမ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ချိန်က ပနားမားတူးမြောင်းနှင့် ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်ခွင့် ရရှိစေရန် ကြိုးစားသည့် အနေဖြင့် စစ်ရေး သို့မဟုတ် စီးပွားရေး ဖိအားများ တိုးမြှင့်သွားရန် ရှိ/မရှိ သတင်းထောက်များက ထရမ့်ကို မေးမြန်းခဲ့သည်။

"ဒီနယ်နိမိတ် ၂ ခုနဲ့ ပတ်သက်ပြီး ကျနော် ကျိန်းသေ မပြောနိုင်ပါဘူး။ ဒါပေမယ့် စီးပွားရေး လုံခြုံမှုအတွက် အဲဒီနယ်နိမိတ် ၂ ခုကို ကျနော်တို့ လိုအပ်တယ်ဆိုတာ ပြောနိုင်ပါတယ်"ဟု ထရမ့်က ဖြေကြားခဲ့သည်။

ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်သည့် ဒိန်းမတ်နိုင်ငံ အနေဖြင့် ထိုကျွမ်းအား ဝယ်ယူမည့် မိမိ၏ ကမ်းလှမ်းချက်အား လက်မခံပါက ဒိန်းမတ်နိုင်ငံ၏ ပို့ကုန်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ပြောကြားခဲ့သည်။

ဒိန်းမတ်အစိုးရကမူ ထိုကျွန်းသည် ရောင်းရန် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"အမေရိကန်နဲ့ ကျနော်တို့ဟာ မဟာမိတ်တွေ ဖြစ်တာကြောင့် ကျနော်တို့ အချင်းချင်း ငွေကြေးကဏ္ဍအရ တိုက်ခိုက်တာဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုလို့ ကျနော် မထင်ပါဘူး" ဟု ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် (Mette Frederiksen) က ထရမ့်၏ မှတ်ချက်စကားများကို တုန့်ပြန်ပြောကြားခဲ့သည်။

Source: ရိုက်တာ