CNI International Article

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေး အားပြိုင်မှုများကို မကြာခဏ ကြုံတွေ့ရလေ့ ရှိသော်လည်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် နိုင်ငံရေး အကျပ်အတည်းသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) သေဒဏ် ချမှတ်ခံခဲ့ရသည်။ ၎င်း၏ Awami League ပါတီလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သက်တမ်းရင့် နိုင်ငံရေး အင်အားစုများသည် နိုင်ငံရေးစင်မြင့်ထက်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ထိုဖြစ်စဉ်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သာမန် အစိုးရအဖွဲ့ အပြောင်းအလဲ တစ်ခုထက်ပိုသည့် အခင်းအကျင်း နှင့် ရင်ဆိုင်နေရသည်ကို ပြသနေခြင်းဖြစ်သည်။

နိုင်ငံရေးအင်စတီကျူးရှင်းများ အားနည်းလာချိန်တွင် ထိုကဲ့သို့ ပရမ်းပတာ အခြေအနေများသည် ဘူးပေါ်သလို ပေါ်လာခြင်း ဖြစ်သည်။ 

အာဏာနှင့် တာဝန်ခံမှုကြား ဟန်ချက်ညီမှု ကျိုးပျက်သွားချိန်တွင် နိုင်ငံရေးစနစ်သည်လည်း လျင်မြန်စွာ ယုတ်လျော့သွားပုံကို ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်က သက်သေပြရာ ရောက်နေသည်။

ဟာဆီနာ ကျဆုံးမှုသည် ၎င်း၏ အုပ်ချုပ်မှု တစ်ခုတည်းသာ အဆုံးသတ်ခြင်း မဟုတ်ဘဲ အလွန်ခိုင်မာသည့် ဗဟိုက ချုပ်ကိုင်ထားသော အချုပ်အခြာ အာဏာအပေါ်တွင် တည်ဆောက်ထားသည့် စနစ်တစ်ခုလည်း ပြိုလဲသွားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးကို Awami League ပါတီက ဆယ်စုနှစ် တစ်စုကျော်ကြာ ဝန်းရံထားခဲ့ပြီး ထိုပါတီသည် ဗျူရိုကရေစီစနစ်၊ ရဲတပ်ဖွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်များကို ထိန်းချုပ်ထားသည်။

ဟာဆီနာကို ဆန့်ကျင်သူများက ဟာဆီနာ၏ အစိုးရသည် လွတ်လပ်ခွင့်ကို ကန့်သတ်ထားသည်ဟု ဝေဖန်ကြ သည်။ ထောက်ခံသူများကမူ ဟာဆီနာ၏ အစိုးရသည် တည်ငြိမ်မှုနှင့် စီးပွားရေး တိုးတက်မှုကို ယူဆောင်လာ ပေးသည်ဟု ဆိုကြသည်။

ထိုယူဆချက် နှစ်ခုစလုံးတွင် အမှန်တရားအချို့ ပါဝင်နေသည်။

သို့သော် ပိုပြီးအရေးကြီးသည့် မေးခွန်းတစ်ခုရှိသည်။ ထိုမေးခွန်းမှာ နှစ်ပေါင်းများစွာကြာ လွှမ်းမိုးထားသော နိုင်ငံရေး အင်အားစုတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားချိန်တွင် မည်သည့် အရာများ ဖြစ်ပျက်လာနိုင် သနည်းဆိုသည့် မေးခွန်းဖြစ်သည်။

ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့သော ဆန္ဒပြ လူငယ်တွေကို တွေ့ရစဉ်

ထိုမေးခွန်းကို မကြာသေးမီ လများအတွင်းက ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များက အဖြေပေးနိုင်ခဲ့သည်။

အင်စတီကျူးရှင်းများသည် ၎င်းတို့ဘာသာ အလိုအလျောက် ပြန်လည် တည်ဆောက်နိုင်ခြင်းမရှိဘဲ ဦးဆောင် နိုင်မည့် အင်အားစုကို လိုအပ်နေသည်။

Awami League ပါတီ ကျဆုံးခြင်းက နိုင်ငံရေးနယ်ပယ် မည်မျှကျဉ်းမြောင်းလာသည်ကို ပြသခဲ့သည်။

ဒီမိုကရေစီခိုင်မာသည့် နိုင်ငံများတွင် အင်အားကြီး နိုင်ငံရေးပါတီများက စနစ်ကို တည်ငြိမ်စေရန် ကူညီပေးသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးသည် Awami League ပါတီတစ်ခုနှင့် ဟာဆီနာ တစ်ဦးတည်း အပေါ်တွင် သာ အများအားဖြင့် မူတည်ခဲ့သည်။

ထိုဖွဲ့စည်းပုံ ဖယ်ရှားခံလိုက်ရချိန်တွင် အရေးပေါ် အစီအစဉ်တစ်ခု မရှိတော့ဘဲ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့သည်။

တစ်ချိန်က ဟာဆီနာ၏ အာဏာပိုင် အဖွဲ့အစည်းကို လိုက်နာခဲ့သည့် အစိုးရဌာနများသည် ယခုအခါ မည်သူ၏ ဦးဆောင်မှုနောက်သို့ လိုက်ရမှန်းမသိ ဖြစ်လာခဲ့သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းတွင် လွတ်လပ်ခွင့် ပိုမိုရှိသော်လည်း ဦးတည်ချက်မရှိပေ။

အရေးအကြီးဆုံး အချက်မှာ နိုင်ငံရေး လေဟာနယ် ဖြစ်သွားချိန်တွင် အခွင့်အလမ်းကို စောင့်နေကြသည့် အခြား အင်အားစုများအတွက် နေရာလွတ်များကို ဖွင့်ပေးရာရောက်ခဲ့သည်။

ရှိတ်ဟာဆီနာကို တွေ့ရစဉ်

အခြေခံဥပဒေယိမ်းယိုင်ခြင်းနှင့် သဘောထား တင်းမာသည့် အင်အားစုများ ခေါင်းထောင်လာခြင်း
*****************************************************************************************
တစ်ချိန်က ဘေးဖယ်ခံထားရသည့် အင်အားစုများသည် ယခုအခါတွင် သက်ဝင်လှုပ်ရှားလာခဲ့ကြသည်။

Jamaat-e-Islami ပါတီနှင့် ၎င်းပါတီ၏ ကျောင်းသားအဖွဲ့ဖြစ်သည့် Islami Chhatra Shibir အဖွဲ့တို့သည် ဟာဆီနာ ပြုတ်ကျခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်း လျင်မြန်စွာ အင်အားကောင်းလာခဲ့သည်။

၎င်းတို့ အင်အားစုသည် စစ်တကောင်း (Chittagong) ၊ ရာ့ဂျ်ရှဟီ (Rajshahi) နှင့် (Sylhet) မြို့များတွင် ထောက်ခံမှုများ အခိုင်အမာ ရရှိထားသည်။

Jamaat-e-Islami ပါတီနှင့် Islami Chhatra Shibir အဖွဲ့တို့က ၎င်းတို့ကိုယ်ကိုယ် အစ္စလာမ်မစ် ဖွဲ့စည်းပုံနှင့် တရားမျှတမှုတို့ကို ကာကွယ်သူများအဖြစ် ပုံဖော်ခဲ့ကြသည်။

Hefazat-e-Islam နှင့် အခြား ဘာသာရေး ကွန်ရက်များကဲ့သို့ အင်အားစုများသည်လည်း ဩဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့သည်။

ထိုအင်အားစုများသည် အင်အားကြီး ပါတီများ မရှိသည့် နိုင်ငံရေး ဟာကွက်များတွင် အဖြည့်ခံ အင်အားစုအဖြစ် ပါဝင်လာကြသည်။

အင်စတီကျူးရှင်း ပြိုလဲသည့် အခိုက်အတန့်အတွင်း သဘောထား တင်းမာသည့် အင်အားစုများသည် ခိုင်မာ အားကောင်းလာကြသည်။

၎င်းတို့သည် လျှင်မြန်စွာ ဖွဲ့စည်းနိုင်ပြီး လူထုကို တိကျပြတ်သားသည့် မက်ဆေ့ချ်များ ဖြန့်နိုင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေ မဲထည့်ဖို့လုပ်နေကြစဉ်

ထိုအင်အားစုများသည် တရားဝင် အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များထက် ဗလီများနှင့် ချိတ်ဆက်ထားသည့် ကွန်ရက်များ၊ ဒေသခံ အဖွဲ့အစည်းများကို အသုံးပြုပြီး လည်ပတ်နေကြသည်။

၎င်းတို့၏ လုပ်ဆောင်ချက်များသည် လူထုကို ဆွဲဆောင်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူထုကို ကိုယ်စားပြုနေပြီး တစ်ချိန်တည်းမှာပင် အခြားနိုင်ငံရေး ပလက်ဖောင်းများက အားနည်းနေခြင်းကြောင့် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက် ယူနွတ် (Muhammad Yunus) လက်ထက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းသည် နိုင်ငံရေး အခင်းအကျင်းကို ပုံမှန်ပြန်ထိန်း သိမ်းရန် ရည်ရွယ်ခဲ့သည်။

သို့သော် Awami League ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခြင်းသည် မဲဆန္ဒနယ်များတွင် နေရာလွတ်များကို ဖြစ်ပေါ်စေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် တောရောမြို့ပါ မကျန် ခိုင်မာစွာ အမြစ်တွယ်နေသည့် အင်အားအကြီးဆုံး Awami League ပါတီမပါဘဲ ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် ယှဉ်ပြိုင်မှုကို မတည်မငြိမ် ဖြစ်စေမည်ဖြစ်သည်။

လက်ရှိတွင် အင်အားနည်းသော်လည်း စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံရေး အင်အားစုများသည် လူထု၏ ဆွေးနွေးပွဲ စကားဝိုင်းများကို လွှမ်းမိုးထားသည်။

ထိုအခြေအနေများအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိသည်ဟု ထင်ရသော်လည်း စစ်မှန်သည့် နိုင်ငံရေး ယှဉ်ပြိုင်မှုကို ထင်ဟပ်စေမည် မဟုတ်ပေ။

သို့သော် လက်ရှိတွင် စည်းကမ်း တင်းကျပ်သည့် အယူဝါဒ အုပ်စုများသည် ခေါင်းထောင်လာသည်ကို ငြင်းနိုင် မည်မဟုတ်ပေ။

Jamaat-e-Islami ပါတီနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများသည် ယခင်က ပိတ်ထားခဲ့သည့် ရုံးခန်းအဟောင်း များကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။

Islami Chhatra Shibir ကျောင်းသား အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာ တက္ကသိုလ်များတွင် ပြန်လည်လှုပ်ရှား လာကြသည်။

အင်အားနည်းသည့် အစ္စလာမ်မစ် အုပ်စုများကလည်း မဟာမိတ်များဖွဲ့လာကြသည်။

ထိုအခြေအနေများက ယခင်က အခြေတည်ခဲ့သည့် နိုင်ငံရေးစနစ် ဗဟိုချက်သည် ပြိုလဲသွားပြီး နိုင်ငံရေး လေဟာ နယ်တွင် မူဝါဒများကို ကျယ်ကျယ်လောင်လောင် ပြောဆိုပြီး စနစ်တကျ ဖွဲ့စည်းထားသည့် အဖွဲ့များက နေရာ ဝင်ယူလာသည့် လက္ခဏာများဖြစ်သည်။

ရှိတ်ဟာဆီနာနဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် ယူနွတ်ကို တွေ့ရစဉ်

ရွေးကောက်ပွဲ ကျင်းပရေးသာမဟုတ်ဘဲ ဒီမိုကရေစီကိုပါ ပြန်လည်တည်ဆောက်ရေး
**************************************************************************
ယခင်အစိုးရအဖွဲ့သည် ကြီးမားသည့် အမှားများကို လုပ်ခဲ့သည်။ ကျောင်းသားများ၏ ဆန္ဒပြမှုကို အင်အားသုံး ဖြိုခွင်းခဲ့သည်။ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့သည်။ နိုင်ငံရေး ပြိုင်ဘက်များကို အာဏာသုံးပြီး နှိပ်ကွပ်ခဲ့သည်။

ထိုလုပ်ရပ်များက နိုင်ငံရေးစနစ်ကို ထိခိုက်စေခဲ့သည်။

သို့သော် Awami League ပါတီကို ချက်ချင်း ဖယ်ထုတ်ခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်းတော့ မဟုတ်ပေ။

နိုင်ငံရေးစနစ်သည် ယှဉ်ပြိုင်မှုရှိနေချိန်မှသာ အင်စတီးကျူးရှင်းများသည် တည်ငြိမ်နေမည်ဖြစ်သည်။

Awami League ပါတီကို ဖယ်ထုတ်ခြင်းဖြင့် နိုင်ငံရေးစနစ်သည် အကြမ်းဖက်မှုများ၊ အစွန်ရောက်မှုများနှင့် ဆက်နွှယ်မှု ရှိခဲ့သည့် အင်အားစုများကို မရည်ရွယ်ဘဲ အင်အားတောင့်တင်း သွားစေနိုင်သည်။

ဘင်္ဂလားဒေ့ရှ်၏ စိန်ခေါ်မှုမှာ အုပ်ချုပ်သူကို ပြောင်းလဲခြင်းတစ်ခုသာ မဟုတ်ပေ။

စစ်မှန်သည့် စိန်ခေါ်မှုမှာ တရားမျှတသော နိုင်ငံရေးပြိုင်ဆိုင်မှုကို ပြန်လည်ထူထောင်ရန်ဖြစ်သည်။

အပေါ်ယံ သုံးသပ်ကြည့်ပါက မှန်ကန်ပုံရသော်လည်း စစ်မှန်သည့် ပြိုင်ဆိုင်မှုမရှိသော ရွေးကောက်ပွဲများသည် အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

အဓိက ပါတီများ မပါဝင်သော၊ ဟန်ချက်ညီသော အသံများ မပါဝင်သော၊ အားနည်းသော အင်စတီကျူးရှင်များသာ ပါဝင်သော စနစ်တစ်ခုသည် တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။

ဒီမိုကရေစီ ပြန်လည်တည်ဆောက်ခြင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များထက် အရေးကြီးသည့် အချက်များရှိသည်။

နိုင်ငံသားများ အနေဖြင့် စည်းမျဉ်းများသည် တသမတ်တည်း ရှိနေမည်ဟု ယုံကြည်ရမည်ဖြစ်သည်။

ပါတီများအနေဖြင့် အင်စတီးကျူးရှင်းများသည် ကြားနေဖြစ်ကြောင်း ယုံကြည်ရမည်။

တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များ အနေဖြင့် ၎င်းတို့၏ သစ္စာစောင့်သိမှုသည် ခေါင်းဆောင် တစ်ဦးတည်းအပေါ် မဟုတ် ဘဲ စနစ်အပေါ်တွင်ဖြစ်ကြောင်း နားလည်ရမည်ဖြစ်သည်။

လက်ရှိ အကျပ်အတည်းအရ အင်စတီးကျူးရှင်းများသည် စည်းမျဉ်းများထက် ပုဂ္ဂိုလ်ရေးနောက်ကို လိုက်နေ ကြောင်း ပြသနေသည်။

ထိုပုဂ္ဂိုလ်များ ရုတ်တရက် မရှိတော့ချိန်တွင် အင်စတီကျူးရှင်းများ ပြိုလွဲသွားမည်ဖြစ်သည်။

တရားရုံးများ၊ အစိုးရ အေဂျင်စီများ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့များသည် မရေရာသည့် အခြေအနေကို ရင်ဆိုင် နေရသည်။ ထို့ကြောင့် တည်ငြိမ်မှုပျက်ယွင်းသွားရခြင်းဖြစ်သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သမိုင်းဝင် အလှည့်အပြောင်း ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။

နောက်တက်လာမည့် အစိုးရအဖွဲ့သစ်၏ ဆုံးဖြတ်ချက်များသည် နောက်ထပ် နှစ်ပေါင်းများစွာ ကြာသည်အထိ နိုင်ငံရေးကို ပုံဖော်ပေးသွားမည်ဖြစ်သည်။

အာဏာပိုင်များ အနေဖြင့် တရားမျှတသည့် နိုင်ငံရေးကို ပြန်လည်ထူထောင်ရမည်ဖြစ်သည်။

ပါတီတိုင်းသည် ယှဉ်ပြိုင်နိုင်စွမ်း ရှိရမည်ဖြစ်ပြီး အစွန်းရောက်များ၏ အသံများကို စည်းမျဉ်းများနှင့် ထိန်းချုပ်ရ မည်ဖြစ်သည်။

အင်စတီကျူးရှင်းများအနေဖြင့်လည်း ဘက်မလိုက်ဘဲ တသမတ်တည်း ရှိရမည်ဖြစ်ပေသည်။

Source: Asia Times