CNI Sport Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League phase ကတော့ ပွဲစဉ် ၆ ပွဲအထိ ကစားပြီးပြီဖြစ်လို့ လက်ကျန်ပွဲစဉ် ၂ ပွဲသာကစားဖို့ ကျန်ရှိပါတော့တယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်က အသင်း အများဆုံးအဖြစ် ၆ သင်းအထိ ဝင်ရောက် ယှဉ်ပြိုင်နေ တာပါ။ ပွဲစဉ် ၆ အထိ ကစားအပြီးမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ရလဒ်တွေဟာ ကောင်းမွန်နေတယ် လို့ ပြောရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးအသင်း ၈ သင်းဟာ ၁၆ သင်းအဆင့်ကို အလိုအလျောက် တက်ခွင့်ရမှာဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အတွင်းမှာ ရပ်တည်နေတဲ့ အသင်းတွေဟာ ၁၆ သင်းအဆင့်တက်နိုင်ဖို့ ပလေးအော့ဖ် အဆင့် ယှဉ်ပြိုင်ရမှာပါ။
ထိပ်ဆုံးအသင်း ၈ သင်းထဲမှာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်း ပါဝင်နေပြီး အာဆင်နယ်အသင်းက အဆင့် ၁ ၊ မန်စီးတီးအသင်းက အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး လက်ကျန် ၂ ပွဲမှာ ၁ မှတ်ရရှိတာနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်မှာပါ။
အာဆင်နယ်အသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် အင်တာမီလန်၊ ကိုင်ရတ်အသင်းတို့နဲ့ ကစားရမှာဖြစ်လို့ နောက် တစ်ဆင့်ကို တိုက်ရိုက် တက်နိုင်မယ်ဆိုတာ သေချာနေပါတယ်။

၁၆ အသင်းအဆင့် အသင်းစာရင်းကိုတွေ့ရစဉ်
မန်စီးတီးအသင်းကတော့ လက်ကျန် ၂ ပွဲအဖြစ် ဘိုဒိုဂီလင့်မ်၊ ဂါလာတာစာရေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အနိမ့်ဆုံး ပလေးအော့ဖ် ကစားခွင့်ရဖို့ သေချာနေပြီဖြစ်တဲ့ မန်စီးတီးအသင်းဟာ အဆင့် ၈ အောက်မှာ ရပ်တည် နေတဲ့ အသင်းတွေနဲ့ ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေပါတယ်။
အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ၁၆ သင်းအဆင့် တိုက်ရိုက် တက်နိုင်ဖို့ လက်ကျန် ၂ ပွဲစလုံး ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးအသင်း ၈ သင်းအပြင်ဘက် အဆင့် ၉ နေရာမှာ ရပ်တည်နေပေမယ့် သူ့အပေါ်က အသင်းတွေနဲ့ ရမှတ်တူပြီး ဂိုးကွာခြားချက်ကြောင့် ဒီအဆင့်မှာ ရပ်တည်နေတာပါ။
လီဗာပူးလ်အသင်းရဲ့ လက်ကျန် ၂ ပွဲကို ကြည့်ရရင် မာဆေးလ်၊ ကာရာဘတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာဆေးလ်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာသာ ရလဒ်ကောင်း ရယူနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်ပြီး ၁၆ သင်း အဆင့်ကို တိုက်ရိုက်တက်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
စပါး၊ နယူးကာဆယ်နဲ့ ချယ်လ်ဆီးအသင်းတို့က ထိပ်ဆုံး ၈ သင်း အပြင်ဘက်ဖြစ်တဲ့ အဆင့် ၁၁၊ ၁၂ နဲ့ ၁၃ နေရာတွေမှာ အစဉ်အလိုက် ရပ်တည်နေကြပါတယ်။
သူတို့တွေကလည်း ထိပ်ဆုံး ၈ သင်းထဲက အသင်းတွေနဲ့ ရမှတ်ကွာဟမှုက ကျဉ်းမြောင်းတာကြောင့် သူတို့ အတွက်လည်း ၁၆ သင်းအဆင့် တိုက်ရိုက် တက်နိုင်မယ့် မျှော်လင့်ချက် ရှိနေတာပါ။
စပါးအသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် ဂျာမန်ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ဖရန့်ဖတ်အသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြသနေတဲ့ သူတို့ရဲ့ပုံစံကို ဆက်ထိန်းနိုင်ရင် မျှော်လင့်ချက် ရှိနေပါတယ်။
လီဗာပူးလ်အသင်းကို တွေ့ရစဉ်
နယူးကာဆယ်အသင်းကတော့ PSV၊ PSG အသင်းတို့နဲ့ လက်ကျန်ပွဲစဉ် ကစားရမှာဖြစ်လို့ တိုက်ရိုက် ဝင်ခွင့်ထက် ပလေးအော့ဖ်အဆင့် ကစားရဖို့ကိုသာ ပိုပြီးအာရုံစိုက်ရနိုင်တာပါ။
ချယ်လ်ဆီးအသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် ပါဖို့စ်၊ နာပိုလီအသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး နာပိုလီအသင်းနဲ့ အဝေးကွင်းပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ၁၆ သင်းအဆင့် တိုက်ရိုက်တက်နိုင်ဖို့ မျှော်လင့်ချက်ရှင်သန်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့တွေဟာ ထိပ်ဆုံး ၈ သင်းထဲက အသင်းတွေ ရလဒ်ကောင်း မရရှိမှသာ ၁၆ သင်းအဆင့် တိုက်ရိုက်တက်နိုင်မယ့် အခွင့်အရေးရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ပလေးအော့ဖ်အဆင့် သေချာဖို့အတွက် လုပ်ရမှာပါ။
ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ထိပ်ဆုံး ၈ သင်းထဲဝင်ပြီး နောက်တစ်ဆင့်ကို တိုက်ရိုက်တက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
အဲ့ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်နေတဲ့ ပရီးမီယားလိဂ် ၆ သင်းထဲက ဘယ်အသင်းတွေက ၁၆ သင်း အဆင့် တိုက်ရိုက်တက်ပြီး ဘယ်အသင်းတွေက ပလေးအော့ဖ် ကစားကာ ၁၆ သင်းအဆင့် တက်နိုင်ဖို့ ကြိုးပမ်း ကြမလဲဆိုတာ လာမယ့်ပွဲစဉ်တွေမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
