CNI International Article

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃

၂၀၂၂ ခုနှစ်၊ ဧပြီလက အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် နိုင်ငံတစ်ဝန်း ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်ခဲ့သည်။ 

၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၁ ခုနှစ်တွင် ပိတ်ပင်ခဲ့သည့် အခြေအနေနှင့်မတူသည့် အချက်မှာ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ခဲ့သဖြင့် အာဖဂန်နိုင်ငံ၏ ဘိန်းစိုက်ခင်းများ ပျက်စီးသွားခဲ့သည်။

ထိုအချိန်မတိုင်မီ ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ ထုတ်လုပ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။

သို့သော် အာဖဂန်၏ ဘိန်းထုတ်လုပ်မှုများ ကျဆင်းသွားချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်သည် အာဖဂန်၏ ဘိန်းဖြူနေရာ၌ အစားထိုးနိုင်မည့် အရင်းအမြစ်တစ်ခု ချက်ချင်းလိုအပ်လာခဲ့သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ အများအပြား ပေါ်ပေါက်လာခဲ့သည်။

ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) များသည် ဝင်ငွေလိုအပ်ပြီး ဘိန်းစိုက်ပျိုးမှုကို အားပေး ခဲ့သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံမြောက်ပိုင်းဒေသတို့ ထိစပ်နေသည့် ရွှေတြိဂံဒေသသည် ယခင်ကတည်းက ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံး နေရာများထဲတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။

ရွှေတြိဂံဒေသ၏ အဆင်သင့်ရှိနေသည့် အခြေခံ အဆောက်အအုံနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတို့က ဘိန်းထောက်ပံ့ရေးကွင်းဆက်ကို အိန္ဒိယ၏ အိမ်နောက်ဖေးကွက်လပ် (အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသ) သို့ လျင်မြန်စွာ ရောက်ရှိသွားစေခဲ့သည်။

သို့သော် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အပြောင်းအလဲများကြောင့် အရှိန် ရလာခဲ့သည့် မူးယစ်ဆေးဝါး စျေးကွက်၌ ဘိန်းတစ်ခုတည်းသာ မဟုတ်ဘဲ နောက်ထပ် တစ်ခုလည်း ရှိနေသည်။

ထိုမူးယစ်ဆေးမှာ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF တွေ သယ်လာတဲ့ မူးယစ်ဆေးဝါးတွေ ကို ချင်းလက်နက်ကိုင်အဖွဲ့က ဟားခါးမြို့နယ်ထဲမှာ ဖမ်းမိခဲ့စဉ်

ရွှေတြိဂံဒေသတွင် ၁၉၈၀ ပြည့်နှစ်များကတည်းက ရှိခဲ့သည့် မက်သာဖက်တမင်း စျေးကွက်သည် ကမ္ဘာပေါ်၌ အကြီးဆုံးစျေးကွက်အဖြစ် ကျယ်ပြန့်လာခဲ့သည်။

ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များက မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို အရှိန်မြှင့်တင် ခဲ့ချိန်က မူးယစ်ဆေးဝါးဂိုဏ်းများသည် ၎င်းတို့၏ လုပ်ငန်းများကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ကြ သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကဲ့သို့ လက်နက်ကိုင်အဖွဲ့များသည် ဘိန်းဖြူ စီးပွားရေးတွင် နှစ်ပေါင်းများစွာကြာ ပါဝင်ခဲ့ပြီး ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် မူးယစ်ဆေးဝါးများကို ၎င်းတို့၏ လုပ်ငန်း တစ်ခုအဖြစ် လုပ်ဆောင်ခဲ့ကြသည်။

ဓာတုဗေဒနည်းဖြင့် ပြုလုပ်သည့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ခြင်းသည် ဘိန်းစိုက်ခင်းများကဲ့သို့ မြေနေရာ များ မလိုအပ်ဘဲ တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်သဖြင့် အမြတ်အစွန်းလည်း ပိုမိုများပြားသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် မက်သာဖက်တမင်း ထုတ်လုပ်မှုသည် ပိုမိုမြင့်တက်လာခဲ့သည်။ 

အုပ်ချုပ်ရေးယန္တရားများ တုံ့ဆိုင်းမှု၊ အဂတိလိုက်စားမှုများနှင့် EAO များ၏ ငွေကြေး လိုအပ်ချက်များသည် တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရန်အတွက် အခွင့်အလမ်းများကို ပေါ်ပေါက်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မက်သာဖက်တမင်း ထုတ်လုပ်မှုအတွက် ထင်ရှားသည့် နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သည်။

ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကမူ မြန်မာနိုင်ငံသည် "ကမ္ဘာလုံးဆိုင်ရာ မက်သာဖက်တမင်း ဗဟိုချက်" ဟု တံဆိပ်ကပ်ခဲ့သည်။

မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စခန်းများသည်လည်း ပစ္စည်းကိရိယာ မပြည့်စုံသည့် အသေးစားစခန်းများ မဟုတ်တော့ဘဲ အလွန်ခေတ်မီ ဆန်းသစ်သည့် ဓာတ်ခွဲခန်းကြီးများဖြင့် လုပ်ကိုင်လာခဲ့ကြသည်။

အိန္ဒိယ၏ အရှေ့မြောက်ပိုင်းသို့ ပျံ့နှံ့လာခြင်း
****************************************
မြန်မာနိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် မက်သာဖက်တမင်း သို့မဟုတ် ဘိန်းဖြူများသည် အိန္ဒိယနိုင်ငံသို့ မည်မျှ ပမာဏဖြင့် ရောက်ရှိခဲ့သည်ဆိုခြင်းကို တရားဝင် သုတေသနများ တရားဝင်စာရင်းများ  ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

သို့သော် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု မှတ်တမ်းများအရ အိန္ဒိယ၏ အရှေ့မြောက်နယ်နိမိတ်သည် မူးယစ်ဆေးဝါး များ ဖြတ်သန်းသည့် အရေးကြီးသော လမ်းကြောင်းနေရာတစ်ခု ဖြစ်လာသည်ကို ဖော်ပြနေသည်။

မူးယစ်ဆေးဝါးများကို အိန္ဒိယ၏ အရှေ့မြောက်ပိုင်း အထူးသဖြင့် မီဇိုရမ် (Mizoram) ပြည်နယ်၊ ချမ်ဖိုင် (Champhai) ခရိုင်မှ ဖြတ်ပြီးမှောင်ခိုကူးလေ့ရှိသည်။

UNODC ၏ ထုတ်ပြန်ချက်တွင် နှစ်အလိုက် အမ်ဖက်တမင်း အမျိုးအစား စိတ်ကြွဆေးများ ( မက်သာဖက်တမင်း စိတ်ကြွဆေးအများစု) ဖမ်းဆီးရမိမှုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဖော်ပြ ထားသည်။

၂၀၂၄ ခုနှစ်က အမ်ဖက်တမင်း အမျိုးအစား စိတ်ကြွမူးယစ်ဆေး (ATS) များ ဖမ်းဆီးရမိမှုသည် ၂၀၂၀ ပြည့်နှစ် ကထက် ၅၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း အိန္ဒိယတရားဥပဒေစိုးမိုးရေးအာဏာပိုင်များက မှတ်တမ်း တင်နိုင်ခဲ့သည်။

မက်သာဖက်တမင်းများသည် အိန္ဒိယ၏ အရှေ့မြောက်ဒေသကို ပုံစံနှစ်မျိုးဖြင့် ဝင်ရောက်သည်။ တစ်မျိုးမှာ ခရစ္စတယ်မက်သ် (Crystal meth) ဖြစ်ပြီး နောက်တစ်မျိုးမှာ ယာဘ (Yaba) ဖြစ်သည်။ ယာဘသည် ထိုင်း ဘာသာစကားအရ "အရူးဆေး" ဟု အဓိပ္ပာယ်ရသည်။

အိန္ဒိယက မြန်မာဘက်က မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိစဉ်

၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ၏ အရှေ့မြောက်ဒေသအနှံ့တွင် Crystal meth များ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များ သည် မူးယစ်ဆေးပြဿနာ၏ အတိမ်အနက်ကို ဖော်ပြရာရောက်ခဲ့သည်။

မီဇိုရမ်ပြည်နယ် တစ်ခုတည်းမှာပင် ဧပြီလအတွင်းက meth ဆေးပြား ၅၂၇,၉၀၀ ကို ဖမ်းဆီးရိမိခဲ့ပြီး မေလတွင် ဘိန်းဖြူများနှင့်အတူ meth ဆေးပြား ၂,၆၂၅,၈၉၀ ကို ဖမ်းဆီးရမိခဲ့သည်။

အာသံပြည်နယ်တွင် meth ဆေးပြားများ အများဆုံး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် ၅ ခု၌ စုစုပေါင်း meth ဆေးပြား ၅၀၀,၀၀၀ ကျော်အထိ ရှိခဲ့သည်။

မဏိပူရပြည်နယ်တွင် ယာဘဆေးပြား ၁၀၀,၀၀၀ ဖမ်းဆီးရမိခဲ့ပြီး ပူးတွဲစစ်ဆင်ရေး တစ်ခုအတွင်း ဘိန်းဖြူ ၇ ဒသမ ၇ ကီလိုဂရမ်နှင့် ဘိန်း ၆ ဒသမ ၇ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

တြိပူရပြည်နယ်တွင် ဆေးပြား ၁၇၁,၀၀၀ ကျော်နှင့် ၂၀၂၄ ခုနှစ်၌ နာဂလန်းပြည်နယ်၌ ဆေးပြား ၅၈,၀၀၀ ဖမ်းဆီးရမိခဲ့သည်။

သို့သော် ထိုပမာဏသည် အမှန်တကယ် ဝင်ရောက်လာခဲ့သည့် မူးယစ်ဆေးဝါးများ၏ အစွန်းထွက်ပမာဏမျှသာ ရှိသည်။

မူးယစ်ဆေးဝါးပမာဏ အများအပြား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များကိုသာ သတင်းများတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အချက်အလက်များ စုဆောင်းမှု အားနည်းခြင်း၊ ဆေးပြား အရေအတွက်နှင့် အလေးချိန်တို့ကို သီးခြားစီခွဲပြီး သတင်း ထုတ်ပြန်ခြင်းတို့ကြောင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်တိုင် ထုတ်လုပ်သည့် ပမာဏအတိအကျ ကို သိရှိရန် မဖြစ်နိုင်ပေ။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့၏ အထင်ကရ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် အန်ဒမန်ပင်လယ်အတွင်း မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ဆွဲပိုက်ချက် သင်္ဘောတစ်စင်းပေါ်မှ ရူပီး ၃၆,၀၀၀ ကုဋေ တန်ဖိုးရှိ မက်သာဖက်တမင်း မူးယစ်ဆေး တန်ချိန် ၆၀၀၀ ပါဝင်ခဲ့သည်။

ထိုဖမ်းဆီးရမိမှုအရ အိန္ဒိယသို့ ဝင်ရောက်နေသည့် မူးယစ်ဆေးဝါး ပမာဏသည် အလွန်များပြားနေကြောင်း မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု
*************************************
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံအတွင်းသို့ ဘိန်းဖြူ၊ မက်သာဖက်တမင်းနှင့် ယာဘဆေးပြားများ ဝင်ရောက်မှု မြင့်တက်လာခြင်းသည် တရားဥပဒေစိုးမိုးရေး ပြသနာတစ်ခုသာ မဟုတ်တော့ဘဲ ရေရှည်တွင် အကျိုး သက်ရောက်မှုများ ရှိလာမည့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

မီဇိုရမ်ပြည်နယ်သည် အိန္ဒိယတွင် HIV ပျံ့နှံ့မှုနှုန်း အမြင့်ဆုံး ပြည်နယ်ဖြစ်သည်။

မီဇိုရမ်တွင် HIV ပျံ့နှံ့မှုနှုန်းသည် ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျမ်းမျှ HIV ပျံ့နှံ့ မှုနှုန်း ၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်နေသည်။

မီဇိုရမ်ပြည်နယ်ပြီးလျှင် HIV ပျံ့နှံ့မှုနှုန်း အမြင့်ဆုံး ပြည်နယ်များမှာ နာဂလန်းနှင့် မဏိပူရပြည်နယ်တို့ ဖြစ်သည်။

HIV အဓိက ကူးစက်ရသည့် အကြောင်းရင်းမှာ ဘိန်းဖြူနှင့် အခြား မူးယစ်ဆေးများကို အကြောထဲသို့ ထိုးသွင်းချိန် တွင် ဆေးထိုးအပ် တစ်ခုတည်းကို မျှဝေအသုံးပြုခြင်းကြောင့်ဖြစ်သည်။

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် နေထိုင်သည့် လူငယ်များအတွက် ထိုကိစ္စသည် ကျန်းမာရေး အကျပ်အတည်း တစ်ခုတည်းသာ မဟုတ်တော့ဘဲ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေး အကျပ်အတည်းတစ်ခုပါ ဖြစ်လာခဲ့သည်။

သို့သော် မူးယစ်ဆေးပြဿနာသည် အိန္ဒိယ၏ အရှေ့မြောက်ဒေသ တစ်ခုတည်းတွင်သာ ရပ်တန့်သွားခဲ့ခြင်း မရှိပေ။

အိန္ဒိယ၏ နေရာအနှံ့တွင် မူးယစ်ဆေးပြားများကို နေရာဒေသနှင့် အရည်အသွေးအပေါ် မူတည်ပြီး ဆေးပြား တစ်ပြားလျှင် ရူပီး ၁၅၀၀ မှ ရူပီ ၅၀၀၀ အထိ ရောင်းချနေကြသည်။

ထိုစျေးနှုန်းသည် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ပျမ်းမျှလူငယ်များအတွက် ဝယ်ယူသုံးစွဲရန်  မတတ်နိုင်သည့် ပမာဏတော့ မဟုတ်ပေ။

ဒေသခံ စစ်သွေးကြွအဖွဲ့များ၊ ပြည်သူ့စစ်များအတွက် လက်နက်ခဲယမ်းများ ဝယ်ယူရန်၊ ကေဒါများကို ထောက်ပံ့ ကြေးပေးရန်၊ လေ့ကျင့်ရေး စခန်းများကို ငွေကြေးထောက်ပံ့ရန်နှင့် မြေအောက်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရန်အတွက် မူးယစ်ဆေးဝါးများသည် ဝင်ငွေ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။

မြန်မာက မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးဖို့ပြင်ဆင်နေစဉ်

အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးသည့် ဒေသတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အဖွဲ့မျာသည် လူငယ်များကို လွယ်ကူစွာ ဆွဲဆောင်နိုင်သည်။

ဤနေရာတွင် အရေးကြီးသည့် အချက်တစ်ခုမှာ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) များကသာ ထိန်းချုပ်ထားခြင်း မဟုတ်ဘဲ တရုတ် မူးယစ်ဂိုဏ်းများ၏ ထိန်းချုပ်ထားသည့် မူးယစ်ဆေးဝါးများလည်း ပါဝင်နေသည်။

ထိုကွန်ရက်များသည် အိန္ဒိယနိုင်ငံ၏ နယ်စပ်များအနီးတွင် လှုပ်ရှားနေပြီး တရားမဝင် အဖွဲ့အစည်းများသာမက  အဂတိလိုက်စားနေသည့် တရားဝင် အဖွဲ့အစည်းများလည်း ပါဝင်နေသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးဂိုဏ်းများ အထူးသဖြင့် ရိုဟင်ဂျာအုပ်စုများသည် အာသံနှင့် တြိပူရပြည်နယ် များသို့ ယာဘဆေးပြားများ ဝင်ရောက်လာမှုအတွက် တာဝန်ရှိသည့် အဖွဲ့များဖြစ်သည်။

အိန္ဒိယအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို ရာဇဝတ်မှုဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်နိုင်တော့မည် မဟုတ်ကြောင်းကို နားလည် သဘောပေါက်ရမည်ဖြစ်သည်။

ထိုပြသနာကို အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်ကတည်းက အိန္ဒိယသည် မြန်မာနှင့်ဆက်ဆံရာတွင် အလွန် သတိကြီးစွာထားပြီး အရဲစွန့် ဆက်ဆံခဲ့ရ ခြင်း ဖြစ်သည်။

အိန္ဒိယသည် ၎င်း၏ နိုင်ငံ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး သက်ဆိုင်ရာ Stakeholder များနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ဖွင့်ထားခဲ့သည်။

ထိုကဲ့သို့ ဟန်ချက်ညီစွာ ချဉ်းကပ်ဆောင်ရွက်မှုသည် အိန္ဒိယထံမှ မဟာဗျူဟာမြောက် ထောက်ပံ့မှုနှင့် နိုင်ငံရေး ထောက်ခံမှုကို မျှော်လင့်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

သို့သော် ယခုအချိန်သည် EAO များကို အိန္ဒိယဘက်မှ ဖြေဆိုရန် ခက်ခဲမည့် မေးခွန်းကို မေးရန် အချိန်ကျပြီ ဖြစ်သည်။

ထိုမေးခွန်းမှာ EAO များအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲတွင် အိန္ဒိယနှင့် ပူပေါင်းဆောင်ရွက်ရန် ပြင်ဆင်ပြီးပြီလော ဟူသည့် မေးခွန်းဖြစ်ပေသည်။

Source: The Print