CNI Article

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁

၂၀၁၅ ခုနှစ်၊ မတ်လက အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် မောရစ်ရှနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် ဒေသတွင်း အလုံးစုံလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (SAGAR) ဟုခေါ်သည့် မူဝါဒကို စတင်ခဲ့သည်။

ထို့နောက် ဆယ်နှစ်အကြာဖြစ်သည့် ယခုနှစ် မတ်လတွင် မိုဒီသည် မောရစ်ရှနိုင်ငံသို့ နောက်တစ်ကြိမ် လာရောက် ခဲ့ပြီး ခရီးစဉ်တွင် MAHASAGAR ဟုခေါ်သော ပိုမိုကြီးမားသည့် မူဝါဒသစ်ကို မိတ်ဆက်ခဲ့သည်။

MAHASAGAR သည် နယ်မြေဒေသများ တစ်လျှောက် လုံခြုံရေးနှင့်တိုးတက်မှုအတွက် အပြန်အလှန်နှင့် အလုံးစုံ တိုးတက်ရေးဆိုသည့် မူဝါဒ၏ အတိုကောက် စကားလုံးဖြစ်သည်။

MAHASAGAR သည် SAGAR ၏ ပိုမိုအဆင့်မြင့်သည့် မူဝါဒတစ်ခုဖြစ်ပြီး လုံခြုံရေးကဏ္ဍကို ကျော်လွန်၍ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာမျှဝေရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် မူဝါဒဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မောရစ်ရှခေါင်းဆောင်ကို တွေ့ရစဉ်

ယခုခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံသည် မောရစ်ရှနှင့် ဆက်ဆံရေးကို မြှင့်တင်ခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ရရှိနေပြီဖြစ်သည်။

MAHASAGAR ဟူသည့် စကားလုံးသည် ဟင်ဒီဘာသာစကားအရ "ပင်လယ်" ဟု အဓိပ္ပါယ်ရသည်။ ထိုမူဝါဒသည် ကုန်သွယ်မှုမြှင့်တင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုအတွက် ကျွမ်းကျင်မှုများကို မြှင့်တင်ခြင်းနှင့် လုံခြုံရေးကဏ္ဍ တိုးတက်စေရန် အာရုံစိုက်ထားသည်။

အိန္ဒိယသည် ထိုရည်မှန်းချက်များ အောင်မြင်ရန် အတိုးနှုန်းနည်းသည့် ချေးငွေများ၊ နည်းပညာပူးပေါင်း ဆောင်ရွက်မှုနှင့် အင်စတီကျူးရှင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် လုပ်ဆောင်ရန် စီစဉ်နေသော်လည်း အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာ မသိရသေးပေ။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း SAGAR သည် အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်မည့် အိန္ဒိယ၏ မဟာဗျူဟာဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ကို အာရုံစိုက်ထားသည်။

၂၀၂၁၈ ခုနှစ်တွင် မိုဒီသည် ဒေသတွင်းလုံခြုံရေး အစည်းအဝေးဖြစ်သော ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) အတွင်း အင်ဒို-ပစိဖိတ်ဒေသတွင် အိန္ဒိယ၏ ချဉ်းကပ်ပုံကို ရှင်းပြခဲ့သည်။

လက်ရှိ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗစ်ကရမ် မစ္စရီ ( Vikram Misri) ကလည်း ၂၀၁၃ ခုနှစ်တွင် SAGAR ၏ အဓိကနယ်ပယ် ၅ ခုကို စာရင်းပြုစုခဲ့သည်။

ထိုနယ်ပယ် ၅ ခုမှာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ အရည်အချင်းများ ဖော်ထုတ်မြှင့်တင်ရေး၊ စုပေါင်းလုပ်ဆောင် မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပင်လယ်ရေကြောင်းဆိုင်ရာ ချိတ်ဆက်မှုရှိရေး အစရှိသည့် နယ်ပယ် များ ဖြစ်သည်။

ထိုနယ်ပယ် ၅ ခုသည် အိန္ဒိယနှင့် ဒေသတွင်း မဟာမိတ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို လမ်းညွှန် ထိန်းကြောင်း ပေးနိုင်ခဲ့သည်။

အိန္ဒိယသည် SAGAR နှင့်အတူ အင်ဒို-ပစိဖိတ် သမုဒ္ဒရာများ အစီအစဉ် (IPOI) ကိုလည်း မိတ်ဆက်ခဲ့သည်။

BIMSTEC အစည်းအဝေး တက်ရောက်လာတဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်

IPOI သည် တရားဝင် သဘောတူစာချုပ် မလိုအပ်ဘဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် အစီအစဉ် တစ်ခုဖြစ်ကာ သဘာဝပတ်ဝန်းကျင်၊ ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်ရေးနှင့် ရေကြောင်းလုံခြုံရေးအတွက် ကြိုးပမ်းမှုများကို အထောက်အကူပြုပေးသည့် အစီအစဉ်ဖြစ်သည်။

အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ အာဆီယံ၊ ပြင်သစ်နှင့် နယူးဇီလန် အပါအဝင် နိုင်ငံအများအပြားသည် အိန္ဒိယ ၏ IPOI ကို ထောက်ခံခဲ့ကြသည်။

ထို့ကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင် အိန္ဒိယ၏ ချဉ်းကပ်မှုသည် ပွင့်လင်းပြီး ပူးပေါင်းဆောင်ရွက်မှုရှိသည့် အချက်ကို ပေါ်လွင်စေခဲ့သည်။

အိန္ဒိယသည် အခြားဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေး အဖွဲ့များထဲတွင်လည်း ပူးပေါင်း ပါဝင်ထားပြီး ထိုအဖွဲ့များ ထဲတွင် BIMSTEC ၊ ကိုလံဘိုလုံခြုံရေးအစည်းအရုံး ၊ အိန္ဒိယသမုဒ္ဒရာကော်မရှင် အစရှိသည့် ဒေသတွင်း အဖွဲ့များ တွင်လည်း ပါဝင်ထားသည်။

ကိုလံဘိုလုံခြုံရေးအစည်းအရုံးတွင် အိန္ဒိယ၊ မောရစ်ရှ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မော်လ်ဒိုက်ဗ်တို့ ပါဝင်ပြီး အိန္ဒိယသမုဒ္ဒရာကော်မရှင်၌ အိန္ဒိယ၊ မောရစ်ရှ၊ ဆေးချဲလ်စ်၊ မာဒါဂက်စ်ကာ၊ မာယော့နှင့် ရီယူနီယံကျွန်းတို့ ပါဝင်သည်။

မောရစ်ရှနိုင်ငံသည် အိန္ဒိယထံမှ ခိုင်မာသည့် အထောက်အပံ့များကို ရရှိခဲ့ပြီး အိန္ဒိယသည် မောရစ်ရှ၏ ကမ်းခြေ စောင့်တပ်ဖွဲ့ကို ခေတ်မီအောင် ကူညီပေးခဲ့သလို အခြေခံ အဆောက်အဦများ တည်ဆောက်ကာ အဓိကကျသည့် ပရောဂျက်များကိုလည်း စတင်လုပ်ဆောင်ခဲ့သည်။

ထိုပရောဂျက်များထဲတွင် မြေအောက်ရထားလမ်းစီမံကိန်း၊ တရားရုံးချုပ်အသစ် ဆောက်လုပ်ရေး၊ အိုးအိမ် တည်ဆောက်ရေး၊ ဆေးရုံသစ် တည်ဆောက်ရေးတို့ ပါဝင်သည်။

သို့သော်လည်း အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာဒေသ(IOR)တွင် ဩဇာအာဏာ ချဲ့ထွင်နေသည့် တရုတ်၏ စိန်ခေါ်မှု နှင့် ရင်ဆိုင်နေရသည်။

၂၀၂၀ ပြည့်နှစ် ဂေါဝန် (Galwan) မြစ်အတွင်း အိန္ဒိယစစ်သားများနှင့် တရုတ်စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ ပြီးနောက် အိန္ဒိယနှင့်တရုတ်ကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံသည် မော်လ်ဒိုက်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် အစရှိသည့် အိမ်နီးချင်း နိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး အိန္ဒိယ၏ သြဇာလွှမ်းမိုးမှုကို လျှော့ချခဲ့သည်။

ထို့ပြင် တရုတ်သည် အိန္ဒိယထက် စီးပွားရေးအင်အား ပိုမိုကြီးမားနေပြီး ဥပမာပြရမည်ဆိုပါက မောရစ်ရှနှင့် အိန္ဒိယကြား ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅၅၄ သန်း ရှိခဲ့ချိန်တွင် မောရစ်ရှနှင့် တရုတ်အကြား ကုန်သွယ်မှုတန်ဖိုး သည် ဒေါ်လာ ၁.၁ ဘီလီယံရှိခဲ့သဖြင့် တရုတ်၏ ကုန်သွယ်မှုသည် ၂ ဆ နီးပါး ပိုမိုများပြားနေသည်။

ထို့ကြောင်း အိန္ဒိယသည် ကုန်သွယ်မှုတန်ဖိုး ကွာဟချက်ကို လျှော့ချချင်နေပြီး MAHASAGAR မူဝါဒသည် အိန္ဒိယသမုဒ္ဒရာနိုင်ငံများအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များ ပိုမိုပေးအပ်လိုသည့် အိန္ဒိယ၏ ကြိုးပမ်းအားထုတ်မှုဖြစ်သည်။

ကမ္ဘာ့ရေးရာ အခင်းအကျင်းမှာ ပြောင်းလဲနေပြီး အမေရိကန်သည် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ခေါင်းဆောင်မှုအောက်တွင် ပြည်တွင်းရေးကို ပိုမိုအာရုံစိုက်လာကာ တရုတ်နှင့် ပြိုင်ဆိုင်မှု ပိုမိုမြင့်တက်နေသည်။

တရုတ်၏ ပတ်လမ်း၊ရပ်ဝန်းစီမံကိန်း (BRI) သည်လည်း ဒေသတွင်း လျှင်မြန်စွာ ပျံ့နှံ့လာသည်။

ထိုအချက်များကြောင့် အိန္ဒိယသည် SAGAR မူဝါဒမှ MAHASAGAR မူဝါဒသို့ ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုတွေ့ရစဉ်

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံအများအပြားသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ ဆိုက်ဘာတိုက်ခိုက်မှု သို့မဟုတ် ကပ်ရောဂါများကဲ့သို့သော သမားရိုးကျ မဟုတ်သည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် အသင့် အနေအထား မဟုတ်သေးပေ။

ထို့ကြောင့် အိန္ဒိယသည် ထိုနိုင်ငံများအတွက် စိတ်ချယုံကြည်ရသည့် လုံခြုံရေး အထောက်အပံ့ပေးသည့် နိုင်ငံအဖြစ် ရပ်တည်လိုခြင်းဖြစ်သည်။

သို့သော် အိန္ဒိယအတွက် ပြဿနာတစ်ခုမှာ ဘဏ္ဍာရေးအခြေအနေဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန(MEA)၏ နှစ်ပတ်လည် အစီရင်ခံစာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် လျာထားခဲ့သည့် ဘတ်ဂျက်သည် ကျဆင်းနေခဲ့သဖြင့် MEA ၏ ပြည်ပ အကူအညီပေးရေး အစီအစဉ်များကို အကောင်အထည်ဖော်သည့် ကြိုးပမ်းအားထုတ်မှုများကို လျော့ပါးစေခဲ့ကြောင်း ဖော်ပြထားသည်။

 အိန္ဒိယနိုင်ငံခြားရေးကော်မတီ၏ ၂၀၂၄-၂၅ ခုနှစ် အစီရင်ခံစာတွင် MEA သည် လာမည့် ၅ နှစ်အတွင်း ၎င်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် တစ်နှစ်လျှင် ရန်ပုံငွေ ၂၀ ရာခိုင်နှုန်း ပိုမိုလိုအပ်သည်ဟု ဖော်ပြထားသည်။

အိန္ဒိယအနေဖြင့် ငွေကြေး အထောက်အပံ့ကို တိုးမြှင့်ခြင်းမရှိပါက MAHASAGAR အစီအစဉ်သည် လေထဲတွင် တိုက်အိမ် ဆောက်နေသည့် အဆင့်မှာပင် ရှိနေဦးမည်ဖြစ်သည်။

MAHASAGAR မူဝါဒ အောင်မြင်ရန်အတွက် အိန္ဒိယနိုင်ငံသည် ငွေကြေး ပိုမိုရင်းနှီးမြှုပ်နှံခြင်း၊ အာဆီယံ၊ Quad နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံများနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်း၊ တရုတ်နှင့် ယှဉ်ပြိုင်ရန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခြင်း၊ IPOI နှင့် ကိုလံဘိုလုံခြုံရေးအစည်းအရုံး ကဲ့သို့ ဒေသတွင်း အဖွဲ့များကို ပိုမိုခိုင်မာ အားကောင်းအောင် လုပ်ဆောင်ခြင်း အစရှိသည့် အရာများကို လုပ်ဆောင်ရ မည်ဖြစ်သည်။

အိန္ဒိယသည် ၎င်း၏ ကြီးမားသော စိတ်ကူးစိတ်သန်းများကို ငွေကြေးနှင့် ကြိုးစားအားထုတ်မှုတို့ကို ပူးပေါင်းပြီး လုပ်ဆောင်မည်ဆိုပါက MAHASAGAR သည် အိန္ဒိယကို အင်ဒို-ပစိဖိတ်ဒေသတွင် ပိုမိုအင်အားကြီးမားသည့် နိုင်ငံ ဖြစ်လာစေနိုင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်ရေးတို့ကို အထောက်အကူ ပြုပေးနိုင်မည်ဖြစ်သည်။

Source: Asia Times