CNI Article

နယူးဒေလီ၊ စက်တင်ဘာ ၆

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့သည် ၇ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ၊ တီယန်ကျင်း (Tianjin) မြို့ တွင် တွေ့ဆုံခဲ့မှုသည် သာမန် သံတမန် ဆက်ဆံရေးထက် ပိုသည့် လေးနက်မှုကို ပေါ်လွင်စေခဲ့သည်။

ဧပြီလတွင် စတင်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှု အစီအစဉ်သည် ပိုမိုပြင်းထန်လာခဲ့ပြီးနောက် ကမ္ဘာ့ကုန်သွယ်မှု စီးဆင်းမှုများကို ပုံစံပြောင်းလဲသွား စေသည့် အချိန်၌ ရှီနှင့်မိုဒီတို့၏ တွေ့ဆုံမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အချိန်အခါသည် သံသယ မကင်းဖွယ်ရာ အဖြစ်မှန်ကို ပေါ်လွင်စေသည် - ကမ္ဘာ့စီးပွားရေးသည် အသာစီး ဗဟိုချက် တစ်ခုတည်းတွင် မဖွဲ့စည်းတော့ဘဲ ပြိုင်ဆိုင်သော ပါဝါနှင့် သြဇာလွှမ်းမိုးမှု ရင်းမြစ်များရှိသော ဘက်စုံဖွဲ့စည်းပုံဆီသို့ ဦးတည်နေသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် အင်အားကြီးနိုင်ငံ တစ်နိုင်ငံတည်းကိုသာ ဗဟိုပြုထားသည့် အခင်းအကျင်းမှ  ဝင်ရိုးစုံ ကမ္ဘာအခင်းအကျင်းကို ဗဟိုပြုသည့်ပုံစံသို့ ပြောင်းလဲလာသည်။ 

ထို့ကြောင့် နိုင်ငံအားလုံးသည် ဩဇာလွှမ်းမိုးမှု၏ အရင်းအမြစ်များအတွက် ပြိုင်ဆိုင်လာကြသည်။

ထရမ့်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုများက ထိုအခြေအနေကို ပိုမိုသိသာ ထင်ရှားစေခဲ့သည့် မောင်းနှင်အား တစ်ခု ဖြစ်ခဲ့သည်။

ထရမ့်သည် ဧပြီလက တစ်ကမ္ဘာလုံးမှ တင်ပို့သည့် ကုန်စည်များအပေါ် အခြေခံကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။ 

ထို့နောက် ဥရောပ၊ အာရှနှင့် လက်တင်အမေရိကတို့ရှိ မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများ အားလုံးနီးပါးကို နောက်ထပ် ကုန်သွယ်ခွန်များ အသီးသီး တိုးမြှင့်ကောက်ခံခဲ့သည်။

ဩဂုတ်လ ကုန်ပိုင်းတွင် အိန္ဒိယသည် အမေရိကန်သို့ တင်ပို့သည့် အထည်အလိပ်များမှအစ ကျောက်မျက်ရတနာ များအလယ်၊ ပင်လယ်စာများအဆုံး ပို့ကုန်ကဏ္ဍများအပေါ် ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ခံခဲ့ရသည်။

ဒေါ်နယ်ထရမ့်နဲ့ မိုဒီကို တွေ့ရစဉ်

အိန္ဒိယသည် အမေရိကန်၏ နီးကပ်သည့် မဟာမိတ်အဖြစ် သတ်မှတ် ခံထားရသည့်တိုင် ထိုကဲ့သို့ ကုန်သွယ်ခွန် များ တိုးမြှင့်ခံခဲ့ရခြင်းကြောင့် အမေရိကန်သည် စီးပွားရေး အကျိုးအမြတ် ရမည်ဆိုပါက ဆက်ဆံရေးကိုပင် ထည့်မတွက်သည့် အခြေအနေကို ပေါ်လွင်စေခဲ့သည်။

အမေရိကန်သည် ကုန်သွယ်ရေးဆိုင်ရာ တားမြစ် ကန့်သတ်ချက်များကို မြှင့်တင်နေချိန်တွင် အခြားနိုင်ငံများ ကလည်း အမေရိကန်၏ ကုန်သွယ်ခွန်များအား ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့ကြ သည်။

တရုတ်နိုင်ငံ တီယန်ကျင်း (Tianjin) မြို့တွင် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးသည် အမေရိကန်၏ ကုန်သွယ်ခွန်များနှင့်ပတ်သက်ပြီး နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အတွက် လမ်းကြောင်းတစ်ခု ပေါ်ပေါက်စေခဲ့သည်။

အိန္ဒိယ၊ တရုတ်၊ ရုရှား၊ အီရန်နှင့် ပါကစ္စတန်တို့ ပူးပေါင်းထားသည့် ဗဟိုအာရှနိုင်ငံများ ပါဝင်သော SCO အဖွဲ့သည် သံတမန်ရေးရာ သွေးစည်းမှုကို ပြသခြင်းထက် ပိုပြီး လေးနက်မှုရှိသည်။

တစ်ချိန်က အရေးကိစ္စ တော်တော်များများတွင် ပူးပေါင်းဆောင်ရွက်မှု သိပ်မရှိခဲ့သည့် နိုင်ငံများသည် ယခုအခါ၌ ပိုမိုနက်ရှိုင်းသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ စတင်ပြုလုပ်လာကြောင်း ထင်ရှားစေခဲ့သည်။

၂၀၂၀ ပြည့်နှစ်က ဂေါ်ဝန်တောင်ကြားဒေသတွင် အိန္ဒိယနှင့် တရုတ် စစ်သားများကြား ပြင်းထန်စွာ ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်ခဲ့သော်လည်း မိုဒီနှင့် ရှီတို့သည် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နိုင်သည့် အချက်က ပြည်ပ၏ ဖိအားအောက် (အမေရိကန်၏ ကုန်သွယ်ခွန်ကို ရည်ညွှန်းခြင်းဖြစ်နိုင်)တွင် လျှင်မြန်စွာ ပြောင်းလဲလာသည့် မဟာဗျူဟာ တွက်ချက်မှုများကို ထင်ဟပ်စေခဲ့သည်။

အကျိုးဆက်အရ အမေရိကန်ကို ကမ္ဘာလုံးဆိုင်ရာစနစ်၏ ဗဟိုချက်တွင် ထားရှိသည့် စစ်ပြီးခေတ် သဘောတူညီမှု သည် တဖြည်းဖြည်း မှေးမှိန်လာခဲ့ခြင်းဖြစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ထိပ်သီး အစည်းအဝေးတက်ခဲ့တဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်

အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှု အစီအစဉ်သည် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် လုံခြုံရေးကဏ္ဍတို့တွင် စင်ပြိုင်ကွန်ရက်များ ထူထောင်မှုကို အရှိန်မြှင့်တင်ပေးရာ ရောက်ခဲ့သည်။

တစ်ချိန်က ဂလိုဘယ်လိုက်ဇေးရှင်းကို တူညီသည့် စံသတ်မှတ်ချက်များကို ပေါင်းစည်းခြင်းဖြင့် အဓိပ္ပာယ်ဖွင့်ဆို ခဲ့သော်လည်း လက်ရှိတွင် မတူကွဲပြားသော စည်းကမ်းများ၊ နည်းစနစ်များဖြင့် သီးခြားဖွဲ့စည်းပုံများကို တိုးမြှင့် လုပ်ဆောင်လာကြသည်။

အမေရိကန်၏ ကုန်သွယ်ခွန်များ သို့မဟုတ် ပိတ်ဆို့မှုများ ချမှတ်ခံရသည့် နိုင်ငံများသည် အမေရိကန်နှင့် ဆွေးနွေး ရန် စောင့်ဆိုင်း မနေကြတော့ဘဲ အမေရိကန်အပေါ် မှီခိုမှုကို လျှော့ချနိုင်မည့် အခြား အသင်းအဖွဲ့များနှင့် ဒေသတွင်း မူဘောင်များကို ပြောင်းလဲထူထောင်လာကြသည်။

ထိုအချက်သည် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများအတွက် အငြင်းပွားရမည့် ကိစ္စတစ်ခု မဟုတ်ဘဲ ရင်းနှီးငွေ လျာထားမှုနှင့် စျေးကွက်များကို လည်ပတ်ရန် အခြေခံကျသည့် ပြည်လည်ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခုဖြစ် သည်။

ထောက်ပံ့ရေး ကွင်းဆက်များကို ကမ္ဘာလုံးဆိုင်ရာ အဆင်ပြေ ထိရောက်စေရေးထက် သက်ဆိုင်ရာ ဒေသများတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်မှုအတွက် ဦးစားပေးပြီး အကောင်အထည်ဖော်လာကြသည်။

နိုင်ငံရေးသည် ထုံးတမ်းစဉ်လာ စီးပွားရေးကဏ္ဍများထက် ပိုမိုအရေးကြီးလာသဖြင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက် များကြား ချိတ်ဆက်မှုများသည် အားလျော့လာခဲ့သည်။

စတော့ရှယ်ယာ၊ အိမ်ခြံမြေ အပါအဝင် ရင်းနှီးမြှုပ်နှံမှု အစုစုအတွက် ချမှတ်ထားသည့် စည်းကမ်းဟောင်းများသည် ရေရှည်တွင် အလုပ်မဖြစ်တော့ပေ။

ပူတင်၊ ရှီကျင့်ဖျင်နဲ့ မိုဒီကို တွေ့ရစဉ်

နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များကလည်း ထိုအပြောင်းအလဲကို သတိပြုမိခဲ့ကြပြီး အများစုသည် ဒေါ်လာကို မှီခိုမှု လျှော့ချလာကာ ရွှေနှင့် အိမ်ခြံမြေကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို အားထားလာကြသည်။

အချို့ဒေသများတွင် ဒေါ်လာကို မှီခိုခြင်းမရှိဘဲ ကုန်သွယ်နိုင်သည့် ငွေပေးချေမှု စနစ်သစ်များကို ဖန်တီးနေကြ သည်။

ဒေါ်လာသည် အင်အား အကောင်းဆုံး ငွေကြေး ဖြစ်နေဆဲဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးများ တွင် ဒေါ်လာ၏ ပါဝင်မှုသည် လျော့နည်းလာသည်။

ထိုရလဒ်ကြောင့် ကမ္ဘာ့ဘဏ္ဍာရေး စင်မြင့်ထက်တွင် အမေရိကန်၏ လွှမ်းမိုးမှုသည်လည်း ဖြည်းညှင်းစွာ လျော့ပါး လာခဲ့သည်။

ထိုသက်ရောက်မှုများကို စက်မှုလုပ်ငန်း အများစုတွင် မြင်တွေ့နိုင်သည်။ နည်းပညာ ထောက်ပံ့ရေး စျေးကွက်များ သည် ကုန်ကျစရိတ် နည်းပါးမှုကိုသာ ဦးစားမပေးတော့ဘဲ နိုင်ငံရေးလုံခြုံမှုကို စိတ်ချသေချာစေရန် ဦးစားပေး လုပ်ဆောင်လာကြသည်။

နိုင်ငံအများအပြားသည် အမေရိကန် ထိန်းချုပ်ထားသည့် တစ်ပိုင်းလျှပ်ကူး စျေးကွက်အပေါ် မှီခိုမှုကို လျှော့ချရန် အတွက် မတူကွဲပြားသည့် ဒေသများတွင် ၎င်းတို့၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများကို တည်ဆောက်လာကြသည်။

အလားတူပင် စွမ်းအင် ကုန်သွယ်ရေးသည်လည်း ပြောင်းလဲနေသည်။ ပိတ်ဆို့မှုများနှင့် ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှုများက နိုင်ငံအများအပြားကို မိတ်ဖက်ဆက်ဆံရေး အသစ်များ ထူထောင်ရန်နှင့် ပို့ကုန်လမ်းကြောင်း အသစ်များ ဖော်ဆောင်ရန် တွန်းအားပေးရာ ရောက်ခဲ့သည်။

တစ်ချိန်က အနောက်နိုင်ငံများက ရန်ပုံငွေ အများဆုံး ထောက်ပံ့ခဲ့သည့် အခြေခံ အဆောက်အအုံ ပရောဂျက်များ သည်လည်း ယခုအခါတွင် ဒေသတွင်း ဘဏ်များနှင့် အစိုးရက ထောက်ပံ့ပေးထားသော စီမံကိန်များ၏ ငွေကြေး ထောက်ပံ့မှုကို ပိုမိုရရှိလာခဲ့သည်။

ထိုအချက်ကို ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော SCO အစည်းအဝေးက သိသာထင်ရှားစေခဲ့သည်။

ပူတင်၊ ရှီကျင့်ဖျင်၊ ကင်မ်ဂျုံအန်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တွေ့ရစဉ် 

အိန္ဒိယနှင့် တရုတ်သည် ပြိုင်ဘက်များအဖြစ် ဆက်ရှိနေဆဲဖြစ်သော်လည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု များကို ပြုလုပ်ရမည့် အခြေအနေတွင် နည်းလမ်းသစ်များကို အတူတကွ ရှာဖွေနေကြသည်။

အနောက်နိုင်ငံများ၏ အဆက်အသွယ် ဖြတ်တောက်ခြင်း ခံထားရသည့် ရုရှားသည်လည်း အနောက်အုပ်စု မဟုတ်သည့် မိတ်ဖက်နိုင်ငံများအပေါ် ပိုမိုမှီခို အားထားလာခဲ့သည်။

ဗဟိုအာရှနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံငယ်များသည် ၎င်းတို့အတွက် ကုန်သွယ်ရေးနှင့် ငွေကြေး အကျိုးအမြတ် ပိုမိုရရှိစေရန် မည်သည့် အင်အားစုဘက်တွင် ရပ်တည်ရမည်ဆိုခြင်းကို ရွေးချယ်နေကြသည်။

ထိုရွေးချယ်မှုများသည် သဘောတရားရေးရာ မဟုတ်ဘဲ လက်တွေ့ကျသည့် ရွေးချယ်မှုများ ဖြစ်သည်။ 

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ပိုမိုကျိုးပျက်လွယ်သလို ပိုမိုဟန်ချက် ညီလာသည့် အချက်ကို နိုင်ငံငယ်များက သိရှိထားကြသည်။

စတော့ရှယ်ယာ စျေးကွက်များ အတွက်လည်း ကုန်သွယ်ခွန်များသည် ရေတိုပြဿနာတစ်ခု မဟုတ်ဘဲ ထာဝရ တည်ရှိနိုင်သည့် မူဝါဒတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် နိုင်ငံများသည် ကုန်သွယ်ခွန်များကို တန်ပြန်နိုင်မည့် နှစ်ရှည်စီမံကိန်းများကို ပြင်ဆင်နေကြသည်။

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း ထိုအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေရမည်ဖြစ်သည်။

ကမ္ဘာကြီးသည် အတိတ်ကာလကကဲ့သို့ အလုံးစုံ ချိတ်ဆက်မှု ရှိနေသည့်စနစ်ကို ပြန်သွားမည် မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသအလိုက် ဩဇာလွှမ်းမိုးမှု ဗဟိုချက် အများအပြားရှိလာမည့် အခြေအနေသို့ ဦးတည်နေသည်။

တီအန်ကျင်းတွင် မိုဒီနှင့် ရှီကျင့်ဖျင်တို့၏ ဓာတ်ပုံသည် ထရမ့်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အခြေအနေများ စတင်ပြောင်းလဲလာသည့် လက္ခဏာကို ပေါ်လွင်စေခဲ့သည်။

SCO အစည်းအဝေးတွင် ထွက်ပေါ်လာသည့် ရလဒ်နှင့် နှင့် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုတို့မှ ထွက်ပေါ် လာသည့် ရလဒ်မှာ အတူတူပင်ဖြစ်သည်။

ထိုရလဒ်မှာ ကမ္ဘာလုံးဆိုင်ရာစနစ်ကို ဗဟိုချက် တစ်ခုတည်းမှာသာ မထားတော့ဘဲ သီးခြားစီခွဲပြီး ရပ်တည်မှု၊ ကြံ့ကြံ့ခံနိုင်မှု စီးပွားရေးဆွဲငင်အား၏ ဗဟိုချက်အသစ်များ ပေါ်ပေါက်လာစေမည့်ရလဒ် ဖြစ်ပေလိမ့်မည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဝင်ရိုးစုံ ကမ္ဘာ့စီးပွားရေး အခင်းအကျင်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

Source: Asia Times