CNI Sport Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဟာ ဂျမေကာနိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံကူးလက်မှတ် (passport) အသစ် ရရှိထားပေမယ့် သူ့ရဲ့နိုင်ငံတကာ အနာဂတ်ကို ဂျမေကာလက်ရွေးစင်ထံ ကိုယ်စားမပြုဖို့ ဆုံးဖြတ်ထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဂျမေကာအသင်း နည်းပြ မက္ကလာရင်ဟာ ဒီလထဲကစားနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဂရင်းဝုဒ်ကို အသင်းရဲ့လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် အသက် ၂၃ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ အင်္ဂလန် ကိုယ်စားပြုကနေ ဂျမေကာထံ ကိုယ်စားပြုပြီး တရားဝင် ကစားမယ့် စာမှာ လက်မှတ် ထိုးထားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အင်္ဂလန် သက်တမ်းလိုက် အသင်းတွေမှာ ကစားခဲ့တဲ့ ဂရင်းဝုဒ်ဟာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် သူရဲ့တစ်ပွဲတည်းသော ပွဲစဉ်ကို ပါဝင်ကစားခဲ့တာပါ။
ဂရင်းဝုဒ်ဟာ အိုက်စလန်အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစား ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်ဟာ ကိုဗစ်စည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် မန်စီးတီးအသင်းကြယ်ပွင့် ဖိုဒန်နဲ့အတူ အိမ်ပြန် ပို့ခြင်းခံခဲ့ရတာပါ။
ဒီနောက်ပိုင်းမှာ ဂရင်းဝုဒ်ဟာ အင်္ဂလန်ရဲ့ အသင်းကြီးမှာရော လူငယ်အသင်းမှာပါ ပါဝင်ရခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ဂျမေကာအသင်းနည်းပြ မက္ကလာရင် ကိုတွေ့ရစဉ်
ဂရင်းဝုဒ်ဟာ မကြာသေးမီ အချိန်က ဂျမေကာလက်ရွေးစင်ကို ကိုယ်စားပြုဖို့ လုပ်ဆောင်ထားပေမယ့် နည်းပြမက္ကလာရင်ရဲ့ ခေါ်ဆိုမှုကို ငြင်းပယ်ခဲ့တာကြောင့် အင်္ဂလန်အတွက် ပြန်ပါဝင်ခွင့်ရနိုင်ဖို့ တံခါးဖွင့်ထား တယ်လို့ ဖော်ပြနေကြတာပါ။
ဂျမေကာအသင်း နည်းပြ မက္ကလာရင်က ဂရင်းဝုဒ်ရဲ့ ရပ်တည်မှုကို စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမယ့် သူဟာ ဒီနှစ်ထဲမှာ ဂျမေကာလက်ရွေးစင် အသင်းအတွက် ပါဝင်နိုင်မယ်ဆိုပြီး အကောင်းမြင်မှုတွေ ရှိနေပါတယ်။
မက္ကလာရင်က "ဂရင်းဝုဒ် ဒီစခန်းသွင်း လေ့ကျင့်မှုကို လာရောက်ဖို့ ကျနော်တို့ မျှော်လင့်ထားပေမယ့် သူ့မိသားစုနဲ့ စကားပြောခဲ့ရာမှာ သူဟာ အခုအချိန်မှာ ဘယ်သူ့ကိုမှ ကတိကဝတ်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါက အနည်းငယ် စိတ်ပျက်ဖို့ ကောင်းပေမယ့် ကျနော်တို့ ပိုပြီးစိတ်ရှည်ရပါမယ်။ သူဟာ ဂျမေကာကို ချစ်ပေမယ့် အခုအချိန်မှာ ကလပ်ဘောလုံးကိုပဲ အပြည့်အဝ အာရုံစိုက်ချင်နေပါတယ်။ အနာဂတ်ကို ဘယ်သူသိနိုင်မှာလဲ"လို့ ပြောခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ အသက် ၂၁ နှစ်မတိုင်မီ အင်္ဂလန်အတွက် ယှဉ်ပြိုင်မှု ၃ ပွဲထက် နည်းပါးခဲ့တာကြောင့် ဖီဖာရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသလို သူ့ရဲ့အဘိုးကနေတဆင့် ဂျမေကာကို ကိုယ်စားပြုခွင့်လည်း ရရှိခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဂျမေကာက သူ့ကို လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ စိတ်ဝင်စားမှုတွေ ပိုပြီးဖြစ်ခဲ့ပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်အသင်းအတွက် ပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ ၂၁ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးနိုင်ခဲ့သလို ဒီရာသီမှာလည်း ၃ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူထားတာပါ။
ဂရင်းဝုဒ်ဟာ သူ့ရဲ့ နိုင်ငံတကာ အနာဂတ်နဲ့ပတ်သက်ပြီး လပေါင်းများစွာကြာ အငြင်းအခုံ ဖြစ်နေပြီး ဂျမေကာဘောလုံးအဖွဲ့ချုပ်က သူ့ကို နိုင်ငံအသင်းအတွက် ပါဝင်ကစားစေဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံ ချဉ်းကပ်ပြီး ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းမှာ ရှိခဲ့ချိန်က မုဒိမ်းမှု အပါအဝင် စွဲချက် အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ အမှုတွေကနေ ရုပ်သိမ်းခြင်းခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ပြန်အသုံးပြုချင်ခဲ့ပေမယ့် ဝေဖန်မှုတွေ အများအပြား ခံခဲ့ရတာကြောင့် အစောပိုင်းက ဂီတာဖေးအသင်းထံ အငှားချခဲ့ပြီး နောက်ရာသီမှာတော့ မာဆေးလ်အသင်းထံ အပြီးသတ်ရောင်း ချခဲ့ရပါတယ်။
အင်္ဂလန်အသင်းကလည်း ယူနိုက်တက်အသင်းမှာ ဖြစ်ခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ အခြေအနေကြောင့် ပြန်အသုံးပြုဖို့ တွန့်ဆုတ်နေပုံရပါတယ်။
ဂျမေကာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိချင်နေတဲ့အတွက် ဗြိတိန်နွယ်ဖွား ကစားသမား အများအပြားကို အသင်းလူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။
ဂျမေကာအသင်းဟာ ဂရင်းဝုဒ်ကို အသင်းအတွက် အမြန်ဆုံး ပါဝင်နိုင်ဖို့ မျှော်လင့်နေတာကြောင့် ဂရင်းဝုဒ်အနေနဲ့ သူ့ရဲ့နိုင်ငံတကာ အနာဂတ်နဲ့ပတ်သက်ပြီး အမြန်ဆုံး ရှင်းလင်းမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
Source: Dailymail