CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀

ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ဂီတာဖေးအသင်းနဲ့ ကစားသမားဘဝကို ပြန်လည် စတင်နေတဲ့ ဂရင်းဝုဒ်ဟာ ဂျမေကာလက်ရွေးစင် အသင်းအတွက် ကစားပေးဖွယ်ရှိနေပါတယ်။

ဂရင်းဝုဒ်ဟာ ဆယ်လ်တာဗီဂိုးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဂီတာဖေးအသင်း ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးဟာ သူ့အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးသွင်းဂိုး ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ကလပ်အသင်း ကစားသမားဘဝကို အကောင်းဆုံးပုံစံနဲ့ ပြန်လည် စတင် နေခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင် အသင်းမှာတော့ သူ့ရဲ့ အနာဂတ်ဟာ ရေရာမှု မရှိပါဘူး။ 

အင်္ဂလန်အသင်းအတွက် ဂရင်းဝုဒ် ကစားပေးစဉ် 

ဒီအချိန်မှာ ဂျမေကာအသင်းနည်းပြ ဟယ်လ်ဂရင်ဆမ်က ဂရင်းဝုဒ်ကို သူ့အသင်းရဲ့ လူစာရင်းထဲ ကြိုဆိုမှာ ဖြစ်တယ်လို့ ပြောထားခဲ့ပါတယ်။

ဟယ်လ်ဂရင်ဆမ်က “ကျနော်တို့အသင်းမှာ အကောင်းဆုံး အရည်အချင်းရှိတဲ့ သူတွေကို လိုချင်ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ သူ့ရဲ့ အရင်ကြံ့ခိုင်မှုနဲ့ အရင်ပုံစံတွေသာ ပြန်ရခဲ့မယ်ဆိုရင် သူဟာ ဂျမေကာကို ကူညီဖို့ အဆင်သင့် ဖြစ်နေ မယ်ဆိုတာ အသေအချာပါပဲ”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းအတွက် ၁ ပွဲ ပါဝင်ကစားထားပေမယ့် ဂျမေကာနွယ်ဖွား ဖြစ်တာကြောင့် ဖီဖာရဲ့ စည်းမျဉ်းတွေအရ ဂျမေကာနိုင်ငံသားအဖြစ် ပြောင်းလဲခံယူကာ လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားလို့ ရမှာ ဖြစ်ပါတယ်။ 

ဂျမေကာဘောလုံး အဖွဲ့ချုပ်အနေနဲ့ ဂရင်းဝုဒ်ကို သူတို့နိုင်ငံ အသင်းအတွက် ကစားပေးချင်တယ်ဆိုရင် ဖီဖာထံ တရားဝင် အယူခံဝင်ရမှာ ဖြစ်ပါတယ်။ 

ဂျမေကာအသင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ အန်တိုနီယို၊ ဂရေး၊ ပင်နော့ခ်တို့ အပါအဝင် ၇ ဦး အထိ ပါဝင်ကစားနေပါတယ်။ 

ဂျမေကာအသင်းဟာ ကွန်ကာကပ်ဖ်နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် ဂရီနာဒါ၊ ဟေတီအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ 

Source: Goal