CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁

ယူနိုက်တက်အသင်း တောင်ပံကစားသမား ဆန်ချိုဟာ အသင်းဖော် အန်တိုနီကို နည်းပြ အဲရစ်တန်ဟတ် မျက်နှာ သာ ပေးတယ်လို့ ထင်မြင်နေပြီး သူ့အပေါ် ဆက်ဆံပုံတွေကို စိတ်ပျက်နေတယ်လို့ ဂျာနယ်လစ်တစ်ဦးက ဖွင့်ချ လာခဲ့ပါတယ်။

ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေ ဖြစ်နေတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်း အရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်နေပါတယ်။ 

အသက် ၂၃ နှစ်အရွယ်ရှိ တောင်ပံကစားသမားဟာ အသင်းကြီးနဲ့ ပတ်သက်ခွင့် ပိတ်ပင်ခံထားရပြီး အကယ်ဒမီ အသင်းနဲ့သာ လေ့ကျင့်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။ 

ဆန်ချိုဟာ အာဆင်နယ် အသင်းနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ကို ဝေဖန်ခဲ့လို့ ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့် မရတော့ဘဲ ဖြစ်နေပါတယ်။

ဆန်ချိုအနေနဲ့ ယူနိုက်တက် လူစာရင်းထဲမှာ ပြန်ပါဝင်ခွင့်ရဖို့က သူ့အပေါ်မှာပဲ မူတည်တယ်လို့ ဒတ်ချ်လူမျိုး နည်းပြက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောထားပါတယ်။ 

အန်တိုနီနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အင်္ဂလန်ကစားသမားဟာ နည်းပြ အဲရစ်တန်ဟတ်ကို ပြန်ပြီးတောင်းပန်မယ်ဆိုရင် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်ပြုလုပ်ပြီး ပွဲကစားခွင့် ရနိုင်ပေမယ့် သူကတော့ ဒီလိုလုပ်ဖို့ကို ဆန္ဒမရှိဘဲ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေပါတယ်။

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ တယ်လ်ဘော့က ဆန်ချိုဟာ အသင်းအတွင်းပိုင်း ပြဿနာတွေကို ဖြေရှင်းတာမှာ အန်တိုနီကို သူ့ထက် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့ ဒတ်ချ်လူမျိုးနည်းပြကို စိတ်ပျက်နေတယ်လို့ ပြောခဲ့ပါတယ်။ 

အိမ်တွင်း အကြမ်းဖက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အန်တိုနီကို နည်းပြက သူ့လိုအကဲဖြတ်မှု ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ဆန်ချိုက ယုံကြည်နေပါတယ်။

အဲ့ဒါကြောင့် အန်တိုနီအနေနဲ့ အမှားအယွင်းတွေ၊ ပြဿနာတွေကို ပြုလုပ်ခဲ့မယ်ဆိုရင်တောင် နည်းပြ အဲရစ်တန်ဟတ်ရဲ့ မျက်နှာသာပေးမှုကြောင့် ဘာမှဖြစ်မှာ မဟုတ်ဘူးလို့ အင်္ဂလန်ကစားသမားက ထင်မြင်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့် ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်၊ အသင်း ဟောင်း ဒေါ့မွန်တို့အပြင် အသင်းအချို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆန်ချိုဟာ ယူနိုက်တက် အသင်းအတွက် ၈၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။

Source: besoccer