CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆

ယူနိုက်တက်အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းရှိ အသင်းကြီးနဲ့ ပတ်သက်တဲ့နေရာတွေမှာ တောင်ပံ ကစားသမား ဆန်ချိုကို အသုံးပြုခွင့် ပိတ်ပင်ခဲ့တယ်လို့ Daily Mirror က ဖော်ပြထားပါတယ်။

အဲဒါကြောင့် ဆန်ချိုဟာ အကယ်ဒမီကစားသမားတွေနဲ့သာ လေ့ကျင့်မှုတွေ၊ စားသောက်မှုတွေ ပြုလုပ်ရမယ်လို့ သိရတာပါ။ ဆန်ချိုဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် နည်းပြ အဲရစ်တန်ဟတ်ကို ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့ပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေး ရခြင်းမရှိတော့ပါဘူး။ ဒီဖြစ်ရပ်ပြီးနောက် ယူနိုက်တက်အသင်းဟာ ဆန်ချိုကို သီးခြားလေ့ကျင့်မှု ပြုလုပ်ဖို့ ညွှန်ကြားထားပြီး အရေးယူမှုတွေပြုလုပ်ဖို့လည်း ရှိနေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အခုအချိန်မှာတော့ ယူနိုက်တက်အသင်းဟာ ထမင်းစားခန်းအပါအဝင် အသင်းကြီးနဲ့ပတ်သက်တဲ့ နေရာတွေမှာ ဆန်ချိုကို အသုံးပြုခွင့်ထပ်မံပိတ်ပင်ခဲ့တာပါ။ ဆန်ချိုအနေနဲ့ နည်းပြ အဲရစ်တန်ဟတ်အပေါ် တောင်းပန်မှု မပြုလုပ်မချင်း ယူနိုက်တက်အသင်းကြီးထံ ပြန်လာခွင့်မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ဆန်ချိုဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ ထွက်ခွာရဖွယ်ရှိနေတာပါ။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက ပွဲပေါင်း ၁၃၇ ပွဲမှာ ဂိုး ၅၀ သွင်းယူပြီး ၆၄ ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာတော့ ၈၂ ပွဲ ကစားအပြီးမှာ ၁၂ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးထား တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဆန်ချိုကို ရောင်းချဖို့ စီစဉ် ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့လို့ ကစားသမားဟာ အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုအနေနဲ့ ယူနိုက်တက်အသင်းမှာ အပယ်ခံကစားသမားအဖြစ် ဆက်ပြီးရှိနေမယ် ဆိုရင် ဘာစီလိုနာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ 

Source:DailyMail