CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆

အယ်လ်ဟီလယ်အသင်းတိုက်စစ်မှူး နေမာက နည်းပြဖြစ်သူ ဂျော့ဂျီးဆပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဘရာဇီးလ်ကစားသမားက ဒါတွေက အလိမ်အညာ တွေဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

နေမာက “ဒါတွေက အလိမ်အညာတွေပါ။ ဖော်လိုဝါသန်းနဲ့ချီတဲ့ ဒီလိုပေ့ချ်တွေက သတင်းအတုအယောင်တွေကို ဆက်ပြီးမတင်သင့်ပါဘူး။ ဒါတွေကို ရပ်တန့်ဖို့ ကျနော်တောင်းဆိုပါတယ်။ ဒါက လုံးဝကိုလေးစားမှု မရှိတဲ့အရာ တွေပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ ပေါင် ၇၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ပွဲထွက်ဖို့ စောင့်ဆိုင်းခဲ့ရပြီး အယ်လ်ရီယက်ဒ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ နေမာဟာ လက်ရှိအချိန်မှာ ဆော်ဒီ ကလပ် အယ်လ်ဟီလယ်အသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုးမရသေးပေမယ့် ၂ ဂိုးဖန်တီးထားတာပါ။

Fiqueiputomesmo ဆိုတဲ့ အင်စတာဂရမ်အကောင့်တစ်ခုက နေမာဟာ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျီး ဆပ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် သူ့ကို နည်းပြရာထူးကနေ ချက်ချင်းထုတ်ပယ် ဒါမှမဟုတ် နုတ်ထွက်ပေးဖို့ ကလပ်အသင်းထံ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။ နေမာကတော့ ဒီလိုထွက်ပေါ်နေတဲ့ သတင်းတွေဟာ အလိမ်အညာတွေဖြစ်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ဘုရင်ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် မပါဝင်ခဲ့ပေမယ့် အယ်လ်ရှာဘတ် အသင်းနဲ့ ကစားမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ဖွယ်ရှိနေတာပါ။ အယ်လ်ဟီလယ်အသင်းဟာ အယ်လ်ရှာဘတ်အသင်းကို အနိုင်ရခဲ့ရင် ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးရမှာဖြစ်ပါတယ်။

Source:DailyMail