CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၂၄

မြောက်ကိုရီးယားသည် ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားနှင့် ချုပ်ဆိုခဲ့သည့် ပူးတွဲစစ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့ခဲ့ပြီး တောင်ကိုရီးယားနှင့်ထိစပ်နေသည့်် နယ်စပ်ဒေသသို့ စစ်သားများနှင့် စစ်လက်နက်ပစ္စည်းများ ပိုမို ပို့ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ စစ်ဘက်သုံး စပိုင်ဂြိုဟ်တု လွှတ်တင်မှုကို တုန့်ပြန်သည့်အနေဖြင့် တောင်ကိုရီးယားသည် ထို စစ်ရေးသဘောတူညီမှု၏ အချို့ ချက်များကို ဆိုင်းငံ့ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ ကြေညာချက် ထွက်ပေါ်ခဲ့ ခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယားသည် ထိုသဘောတူညီမှုတွင် ပါဝင်တော့မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားက စပိုင်ဂြိုဟ်တုလွှတ်တင်နေစဉ်

ပြည့်စုံကျယ်ပြန့်သည့် စစ်ရေး သဘောတူညီချက် (CMA) ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တောင်ကိုရီးယားသမ္မတဟောင်း မွန်းဂျေအင် (Moon Jae-in) တို့ ပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် ထိပ်သီးညီလာခံတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံအကြား ယုံကြည်မှုကို တည်ဆောက်ရန်နှင့် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများအား လျှော့ချရန် ကြိုးပမ်းသည့် အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ညီလာခံပြုလုပ်ခဲ့ကာ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

သို့သော် မြောက်ကိုရီးယားသည် Malligyong-1 အမည်ရှိ စစ်ဘက်သုံးဂြိုဟ်တုကို ပတ်လမ်းအတွင်းသို့ အောင်မြင် စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားက ထိုသဘောတူ စာချုပ်၏ အချို့အချက်အလက်များကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် အစီရင်ခံစာတွင်လည်း မိမိတို့သည် ထိုစစ်ရေး သဘောတူညီချက်အရ ရပ်နားထားခဲ့သည့် စစ်ရေးအစီအစဉ်များ အားလုံးကို ချက်ချင်း ပြန်လည် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားက စပိုင်ဂြိုဟ်တုလွှတ်တင်နေစဉ်

ကိုရီးယားနှစ်နိုင်ငံ စစ်မဲ့ဇုန်တစ်လျှောက် စစ်လက်နက်ပစ္စည်း အမျိုးအစားသစ်များနှင့် အင်အားကြီးမားသည့် လက်နက်ကိုင်တပ်ဖွဲ့များကို ပိုမိုဖြန့်ကြက်ချထားမှု၊ ကုန်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်း အပါအဝင် နယ်ပယ်အားလုံးတွင် စစ်ရေးတင်းမာမှုများနှင့် ပဋိပက္ခများကို ဟန့်တားရန် စစ်ရေး အစီအစဉ်များကို ရပ်တန့် ထားသည့်် ထိုစာချုပ်မှ နုတ်ထွက်မည်ဖြစ်ဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။ 

ထိုသဘောတူ စာချုပ်ကို ကိုရီးယားနှစ်နိုင်ငံစလုံးက ဆိုင်းငံ့ခဲ့သည့် ရလဒ်သည် တင်းမာမှုများကို ပိုမိုမြင့်တက် စေလိမ့်မည်ဟု တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ ယူဝါ အမျိုးသမီး တက္ကသိုလ် (Ewha Womans University)မှ နိုင်ငံတကာလေ့လာရေး ပါမောက္ခ လိဖ် အဲရစ် အက်စလေ (Leif-Eric Easley) က ပြောကြား ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား