CNI International News

နယူးဒေလီ၊ နိုဝင်ဘာ ၂၄

အမေရိကန်နိုင်ငံတွင် ဆစ်ခ် ခွဲထွက်ဝါဒီတစ်ဦးအား လုပ်ကြံမည့် အစီအစဉ်တစ်ခုကို အမေရိကန်အာဏာပိုင် များက ဟန့်တားနိုင်ခဲ့သည်။

ထိုဖြစ်စဉ်တွင် အိန္ဒိယအစိုးရက ပါဝင်ပတ်သက်မှု ရှိနိုင်သည့် စိုးရိမ်မှုများနှင့်ပတ်သက်ပြီး အိန္ဒိယကို သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု အမေရိကန်အစိုးရ ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ထိုဖြစ်စဉ်ကို အလွန်သတိထားရမည့်် စိုးရိမ်စရာကိစ္စ တစ်ခုအဖြစ် သတ်မှတ်ထားပြီး အိန္ဒိယ အစိုးရနှင့်အတူ ထိုဖြစ်စဉ်ကို ထိပ်သီးအဆင့် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်ဟု အိမ်ဖြူတော်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 

ဂူရာပတ်ဝန့် ဆင်း ပန်နန်ကို တွေ့ရစဉ်

ထိုဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းကို အမေရိကန်၏ The Financial Times သတင်းစာက ပထမဆုံး ဖော်ပြခဲ့ ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းများကို အမေရိကန်က အိန္ဒိယအစိုးရကို အသိပေးခဲ့ချိန်တွင် အိန္ဒိယအရာရှိ များသည် အံ့အားသင့်ကြောင်းနှင့် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်နီ ဝက်ဆန် (Adrienne Watson) က ပြောကြားခဲ့သည်။

"ကျမတို့ဟာ ဒီကိစ္စကို အဆုံးစွန် စိုးရိမ်စရာကိစ္စအဖြစ် သတ်မှတ်ထားပါတယ်။ ပြီးတော့ အမေရိကန်နဲ့ အိန္ဒိယ အစိုးရကြားမှာ ဒီဖြစ်စဉ်ကို ထိပ်သီးအဆင့် အလေးထား သတ်မှတ်ထားပါတယ်" ဟု ဝက်ဆန်က ပြောကြားခဲ့ သည်။ 

"ဒီဖြစ်စဉ်ရဲ့ သဘောသဘာဝနဲ့ လှုပ်ရှားမှုဟာ သူတို့ရဲ့ မူဝါဒမဟုတ်ဘူးလို့ သူတို့ (အိန္ဒိယ)က ပြောပါတယ်။ ဒီဖြစ်စဉ်ကို အိန္ဒိယအစိုးရက ဆက်လက်ပြီး စုံစမ်းစစ်ဆေးနေတယ်ဆိုတာ ကျမတို့ နားလည်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ ဒီအကြောင်းအရာကို ပိုပြီး သိရှိလာရလိမ့်မယ်လို့လည်း ယူဆရပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဟာဒိပ် ဆင်း နစ်ဂျားကို တွေ့ရစဉ်

အမေရိကန်နှင့် ကနေဒါနိုင်ငံသား နှစ်မျိုးခံယူထားသည့် ဂူရာပတ်ဝန့် ဆင်း ပန်နန် (Guarpatwant Singh Pannun) သည် အမေရိကန်တွင် ပစ်မှတ်ထား ခံခဲ့ရသူဖြစ်သော်လည်း ထိုပစ်မှတ်ထား သတ်ဖြတ်မည့် ပူးပေါင်း ကြံစည်မှုကို ဟန့်တားနိုင်ခဲ့သည်ဟု အမေရိကန် ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဇွန်လအတွင်းက ကနေဒါနိုင်ငံတွင် ဆစ်ခ်ခွဲထွက်ဝါဒီ တစ်ဦးဖြစ်သူ ဟာဒိပ် ဆင်း နစ်ဂျား (Hardeep Singh Nijjar) လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထိုလုပ်ကြံမှုတွင် အိန္ဒိယထောက်လှမ်းရေး အေးဂျင့်များနှင့် ဆက်နွှယ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက် ၂ လအကြာတွင် ပန်နန် ပစ်မှတ်ထားခံခဲ့ရသည့်် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 

နစ်ဂျားကဲ့သို့ပင် ပန်နန်သည် ခါလစ္စတန် (Khalistan) ဟု ခေါ်သည့် လွတ်လပ်သော ဆစ်ခ် အမိမြေ ထူထောင်ရေးကို တောင်းဆိုနေသည့် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည်။