CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံအတွင်းရှိ တရုတ်-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာနယ်စပ်အနီးမှာ လက်နက်ကိုင်အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေချိန် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး၊ ကွမ်းလုံ၊ နမ့်ခမ်း၊ သီပေါ၊ ချင်းရွှေဟော် စသည့် မြို့နယ် များအတွင်း AA၊ TNLA၊ MNDAA၊ BPLA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက် က စတင်၍ ဖော်ဆောင်ကာ မြန်မာ့တပ်မတော် စစ်စခန်းများအား တိုက်ခိုက်လျက်ရှိနေသည်။

ထို့နောက် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသည်။

အလားတူ ထိုင်းနယ်စပ်အနီးက ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်းမှာလည်း KNDF၊ KNU၊ PDF တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်၊ တမူး၊ ခမ်းပတ်၊ ရွှေပြည်အေး၊ ဟုမ္မလင်း၊ ဗန်းမောက် စသည့် မြို့နယ်များ အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KIA၊ AA၊ ABSDF၊ PDF၊ KNA Burma၊ CNF တို့ကြား တိုက်ပွဲများ ဖြစ်ပွား နေသလို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့ကြားမှာလည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။