CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၂၃

စစ်ဘက်သုံး စပိုင်ဂြိုဟ်တုတစ်လုံးကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီး ယားက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားသည် ယခုလွှတ်တင်မှုမတိုင်မီ ဂြိုဟ်တုလွှတ်တင်ရန် နှစ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင် မှုမရခဲ့ဘဲ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကတော့ မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုများသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယားသည် နိုဝင်ဘာ ၂၁ ရက်ညပိုင်းက မြောက်ပြုံဂန်ပြည်နယ်မှ Malligyong-1 အမည်ရှိ ထောက်လှမ်းရေး ဂြိုဟ်တုကို လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ထိုဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံသည် ဂြိုဟ်တုကို ပတ်လမ်းအတွင်း ပို့ဆောင်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ထိုဂြိုဟ်တုလွှတ်တင်မှုကို ကြည့်ရှုခဲ့ပြီး ဂြိုဟ်တုလွှတ်တင်မှု အောင်မြင်ခဲ့သည့်အတွက် သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များကို ဂုဏ်ပြုခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားက စပိုင်ဂြိုဟ်တု လွှတ်တင်တဲ့သတင်းကို ကြည့်နေစဉ်

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကမူ မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်မှုကို ဝေဖန်ခဲ့ကြပြီး ထိုလွှတ်တင်မှုသည် ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနှင့် ၂၀၁၈ ခုနှစ် စစ်ရေး သဘောတူညီမှုတစ်ခုကို တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ထောက်လှမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ 

မြောက်ကိုရီးယားသည် ယခုနှစ် မေလနှင့် သြဂုတ်လကလည်း ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း နှစ်ကြိမ်စလုံး အောင်မြင်ခြင်းမရှိဘဲ ပျက်ကျခဲ့သည်။

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကမူ မြောက်ကိုရီးယားကို နောက်တစ်ကြိမ် ဂြိုဟ်တုလွှတ်တင်ခြင်း မပြုရန်နှင့် ဂြိုဟ်တုလွှတ်တင်မည်ဆိုပါက ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်လိမ့်မည် ဖြစ်ကြောင်း ထပ်တလဲလဲ သတိပေးခဲ့သည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် လက်နက်များ ထောက်ပံ့ပေးခဲ့ပြီး ပြန်အလှန်အနေဖြင့် ရုရှားထံမှ နည်းပညာအကြံဉာဏ်များ ရရှိခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်